[ Unicode ]" အိမ်ပိုင်ရှင်ကရော အိမ်ကလေးကို ခွင့်တောင်းစရာ
လိုသေးလို့လားဟင် "ဤစကားတစ်ခွန်းဟာ ပရော်ဖက်ဆာက သူ့အား
ပရော်ဖက်ဆာ့ဘဝထဲသို့ လိုလားစွာဝင်ခွင့်ပြုလိုက်သော အဓိပ္ပာယ်သက်ရောက်သည်မလား ။
အခွင့်အရေးရလျှင် မြတ်နိုးစွာခေါ်ချင်ခဲ့သော
" အစ်ကို" ဟူသော နာမ်စားကို အမြတ်တနိုးခေါ်ဆိုခွင့်ပြုကြောင်း လက်ခံပေးလိုက်သည်မလား ။
နွေခေါင်ခေါင်မှာ လောင်လောင်မြိုက်မြိုက်မက်သည့် ရူးကြောင်ကြောင်အိပ်မက်တစ်ခုမဟုတ်ဘဲ ချမ်းအေးအေးဆောင်းဦး၏ ကြိုးဆွဲရာအတိုင်း
တနွဲ့တနှောင်းကခုန်ခဲ့သော အစစ်အမှန် လေညင်းလုလင်ပျိုကလေး မဟုတ်လား ။အစ်ကို့စကားသံဟာ အကြားအာရုံအတွင်း ပဲ့တင်သံထပ်ပြီးရင်းထပ်နေခဲ့တာမို့ အိပ်ရာထက် တလှိမ့်လှိမ့်လူးလွန့်ရင်း မိုးလင်းရမည့်အတူတူ စိတ်လှုပ်ရှားမှုကို သက်သာလိုသက်သာငြား သန်းခေါင်ကျော်အချိန်မှာ စီးကရက်တစ်ဘူးဆွဲကာ ဝရန်တာဖက် ထွက်လာခဲ့ခြင်း ။ အစ်ကို့အိမ်ရောက်နေသော ကာလအတွင်း၌ စွဲလမ်းရသော စီးကရက်များကို အတတ်နိုင်ဆုံး မဖွာရှိုက်မိအောင် သိုသိပ်နိုင်ခဲ့ပါရက် ယနေ့မှာဖြင့် စိတ်ခန္တာ၏ အလိုအား မငြင်းပယ်နိုင်ခဲ့ ။
နှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာမှ
နင့်နင့်သည်းသည်း လှိုက်ခုန်ရခြင်းအား စီးကရက်တစ်လိပ်ကို မိုက်မိုက်မဲမဲဖွာရှိုက်လို့ အဖော်ပြုစေသည် ။နှုတ်ခမ်းထက် တေ့တင်ထားသော စီးကရက်လိပ်၏
ဓာတုဆေးအာနိသင်များကို အဆုတ်ရဲ့ဟိုးအတွင်းဆုံးတစ်နေရာဆီသို့ အရောက်တွန်းပို့သည် ။ ထို့နောက် တစ်ဝကြီးရှုရှိူက်ပြီးသည့် စီးကရက်လိပ်ကို လက်ကြားညှပ်ပြန်ဆွဲထုတ်လို့ အငွေ့တလူလူမှုတ်ထုတ်လိုက်သောအခါ မြူနှင်းတချို့နှင့် ရောယောပျက်ပြယ်သွားသည့် မီးခိုးငွေ့များကို အဓိပ္ပာယ်မရှိ လိုက်ငေးမောမိသည် ။စီးကရက်အားကိုးလို့ ရင်ခုန်နှုန်းကို လျော့ချနေပေမယ့် ယခု နှစ်လိပ်မြောက်အထိ အခြေအနေမထူးခြားလာခဲ့ ။ ကုန်ခါနီး စီးကရက်ကို ယတိမပြတ်နိုင်စွာ နောက်ဆုံးအကြိမ်ဖွာရှိုက်ပြီးနောက် ကြမ်းပြင်ပေါ်ပစ်ချလိုက်သည် ။ ဤစီးကရက်အစအနများကိုလည်း နံနက်စောစောထတတ်သည့် အစ်ကိုမမြင်သွားခင် သတိတရ ရှင်းလင်းရပေဦးမည် ။