~14 ~ ( Final )

1.2K 114 17
                                    

The last page of FALLING 🌷

[ Unicode ]

ဆောင်းနှောင်း၍ နွေဦး‌ဝင်စ စပ်ကူးမပ်ကူးရာသီ၏
နံနက်ခင်းတစ်ခုမှာ ဟန်နွန်းဂိတ်တံခါးပေါက်ကို
ကျော်လွန်၍ အဓိပတိလမ်းကလေးတိုင်း ကားမောင်းနှင်လာခဲ့သည် ။ ကားမှန်ချလိုက်လျှင်ပဲ လေစိမ်းနုနုတို့က မျက်နှာတစ်ဝိုက်ကို ဇွတ်တရွတ်ဆန်ဆန် ကလူကျီစယ်လာတာကြောင့် သေချာဖြီးလိမ်းထားရသော ဆံနွယ်နက်‌တို့ဟာ ပွယောင်းယောင်းဖြစ်သွားဖို့ လုံလောက်ပါရဲ့ ။

အဓိပတိလမ်းတစ်လျှောက်မှာ စိမ်းညို့ညို့ ၊ ဝါညက်ညက် ၊ နီညိုညို အပွင့်အရွက်ကလေးများက အကိုင်းဖျားထက်ဆီ မာနတကြီး ကုပ်တွယ်ရင်း ဝေမြဲဝေဆဲပင် ။ တချို့တလေကျတော့လည်း လေညှင်းလေးတစ်ချက် ရှပ်တိုက်ပွေ့ထိသွားရုံနဲ့ မျက်စိရှေ့တင် ဝေ့ကာဝိုက်ကာဝဲကာ ကြွေကျကြကုန်၏ ။
အရောင်အသွေး‌စုံသည့် ဤတက္ကသိုလ်လမ်းဟာ အစ်ကိုနှင့်သူ၏ ဆွတ်ပျံ့သင်းမွှေးသော အချစ်ဇာတ်လမ်းတစ်ပုဒ်ရဲ့ တစ်စိတ်တစ်ဒေသဆိုလည်းမမှား ။
ဟောဟိုမှာ တရိပ်ရိပ်လှမ်းမြင်နေရသော စာ‌သင်ဆောင်များဟာလည်း အစ်ကိုပို့ချသောသင်ခန်းစာတွေကို လေ့လာဆည်းပူးခဲ့ရသောနေရာ ။ တက္ကသိုလ် အမှတ်တရနေ့ရက်များအကြောင်း တစ်ကိုယ်တည်း လွမ်းချင်းသီနေလိုက်တာ... အသော့‌လေး မောင်းနှင်လာသော ကားကလေးဟာ ကြီးကျယ်ခမ်းနားသော ဘွဲ့နှင်းသဘင်ခန်းမရှေ့ပင် ရောက်မှန်းမသိ ရောက်လာခဲ့၏ ။

" ပတ်ဆောင်းဟွန်း မင်းကလည်းနောက်ကျလိုက်တာ ၊
ဒီမှာ ငါတို့က ဓာတ်ပုံတောင်ရိုက်နေပြီ "

ကားပေါ်က ဆင်းလိုက်သည်နှင့်တပြိုင်နက် ဂျောင်ဝန်းထံမှ ငြူစူစူသံကို လက်ခံရသဖြင့် မျက်နှာငယ်နှင့် သွားဖြီးပြရသည် ။ ဂျောင်ဝန်းဟာ နှစ်တွေဘယ်လောက်ကြာကြာ သူ့ကိုဆူတစ်လှည့် ငေါက်တစ်လှည့်ဖြင့် ကြိမ်းမောင်းတတ်နေဆဲ ။ သို့သော်ငြား ဂျောင်ဝန်းဆူမယ်ဆိုလည်း ဆူချင်စရာပါ ။ ဘွဲ့ဝတ်စုံတလွှားလွှားဖြင့် ဓာတ်ပုံရိုက်ကူးနေကြသော ကျောင်းသားများက အဓိပတိလမ်းနှင့် ဘွဲ့နှင်းသဘင်ခန်းမတစ်ဝိုက်မှာ အစုလိုက်အဖွဲ့လိုက် ရောက်နှင့်နေကြပြီကိုး ။ ဟုတ်သည် ... ဤကနေ့ဟာ သူ့တက္ကသိုလ်ကျောင်းသားဘဝ၏ နောက်ဆုံးနေ့ရက်ပင်ဖြစ်ပါ၏ ။


FALLING Where stories live. Discover now