အစ်မ

72 9 2
                                    

မနေ့ညက အိပ်မက်ထဲ
အစ်မကို ကျွန်တော်တွေ့ဖြစ်သေးတယ်သိလား ။
လမ်းဟာ မိုင်ကုန်
အစ်မဆီ ကျွန်တော် ပြေးလာခဲ့တယ်။
ဘီယာလို ပူနွေးနေမယ့် အစ်မနှုတ်ခမ်းသားတွေကို ထိကပ်နိုင်တော့မယ့် စိန်ခေါ်မှုတွေနဲ့
လမ်းပေါ်က လမ်းတားတုံးတွေ
မီးပွိုင့်တွေ ၊ လူကူးမျဥ်းကြားတွေ
အကုန်လုံးဟာ ကျွန်တော့်ကို ဖယ်ရှောင်ပေးကြတယ် ။
တံခါးပေါက် 1000 မှာ တံခါးတစ်ချပ်ပဲ
ပိတ်ထားခဲ့ ။
အစ်မဟာ ကျွန်တော့ကို တံခါးပိတ်ထားတယ်။ ကျွန်တော်ဆွဲမ ဖွင့်ရဲဘူး ။
တံခါးဟာ ကျွန်တော်ကိုယ်တိုင်ဖြစ်နေတာ။
အစ်မဆွဲဖွင့်ပြီး ကျွန်တော်ဖတ်ဖူးတဲ့
တင့်တယ် ရဲ့ လိုက်တော်မူသင့်ပါငဲ့
ထဲကလို ရို့ဇလင်းဟာ မာလင်နောက်ကို
အပြေးလေး လိုက်လာခဲ့သလို။
ကျွန်တော်စိတ်ကူးယဥ်ကြည့်ခဲ့တယ် ။

ကမ်းရိုးတန်းမှာ ဖြတ်တိုက်လာတဲ့
လေနုအေး တွေလို
ဆောင်းရာသီမှာ ဖြာကျလာတဲ့ နေရောင်ခြည်တွေလို
တပ်နေကျ ပါဝါမျက်မှန်တစ်လက်လို
အစ်မကို ကျွန်တော်လိုတယ် ။

ဒါတွေကို အထပ်ထပ်အခါခါ ပြောမိနေပေမဲ့
အသံဟာ ထွက်မလာဘူး ။
ဒါဟာ သရဲအိပ်မက်မဟူတ်ဘူး
ကျွန်တော် ဘုရားစာရွတ်နေတာ မဟုတ်ဘူး ။
ကျွန်တော် ငိုသံတွေပဲ ထွက်လာတယ်
အာခေါင်ခြစ် ငိုသံတွေ ။
ကျွန်တော်မနိုးထဘူး ။
အတိတ်ကို ပြန်သွားနေတာ

ကျွန်တော်လက်သန်းနဲ့ အစ်မလက်ဖျားလေးတွေ ထိကပ်ခဲ့တဲ့အချိန်ကို
ဖြတ်သန်းခဲ့တဲ့ 2021 နှစ်ကူးကို
ပို့ခဲ့တဲ့ message အဟောင်းတွေဆီကို

အားသွန်ခွန်စိုက်ကြီး ပြန်သွားနေတာ

နောက်ဆုံးတွေ့တုန်းက အစ်မစကားသံ
တွေက ကျွန်တော့နားထဲ တစ်ရိပ်ရိပ်
အေးစက်စက် ဆက်ဆံရေးကို
ကျွန်တော် ပူရှောရှောဘီယာလိုပဲ အသွင်ပြောင်းပြစ်ချင်ခဲ့တာ အစ်မရေ

ငယ်ရွယ်သူတွေရဲ့ အမှားဟာ ဒါပဲ
ကျွန်တော် သဒ္ဒါကို သေချာမသုံးတတ်ခဲ့
ပိုက်ထွေးရမယ့်အစား အစ်မကို အဝေးဆီသို​့ ရှောင်ပြေးမိခဲ့ ။
တောင်းပန်ပါတယ် ကို စိတ်ထဲမှာပဲပြောခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ည အိပ်ခါနီးမှ သတိထားမိခဲ့တယ် ။

ငယ်ရွယ်သူတွေဟာ ဝုန်းဝုန်းဒိုင်းဒိုင်း

မနေ့ညက ပစ်ချခဲ့တဲ့ မိုးကြိုးလို​
တောထဲက တိုက်ပွဲသံတွေလို
ညီမလေးကြည့်နေကျ superhero ကားတွေထဲကလို

ကျွန်တော်ရော အစ်မရောကို
ပြန်ဆိုနိုင်မယ့် ဘာသာပြန် ရှာမတွေ့သေး
အစ်မဟာ ကျွန်တော်် အဓိပ္ပါယ်မဖွင့်ဆိုနိုင်မယ့် ညီမျှခြင်းပုစ္ဆာ
ကျွန်တော်နဲ့အစ်မ ကိုသြဒိနိတ်မျဥ်းပြိုင်နှစ်ကြောင်းလို မိုးကောင်ကင်တစ်ခုထဲ
အောက်မှာ ရေ၊ မြေ တစ်ခုထဲအောက်မှာ

ရှိနေကြပေမဲ့
နောက်ထပ်ဘယ်တော့မှ
နောက်ထပ်ဘယ်တော့မှ
နောက်ထပ်ဘယ်တော့မှ

မဆက်သွယ်ဖြစ်ကြတော့ဘူး
ဆက်သွယ်နိုင်ခွင့်မရှိတော့

လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းနံပါတ်များမှာ.... ။

Supremacy of LoveWhere stories live. Discover now