..

17 3 0
                                    


ပျော်နေတာကို
ကြားရ၊မြင်ရ၊တွေ့ရတာ ဝမ်းသာတယ်။
ကျွန်တော်ကတော့ ပြောင်းပြန်ပဲ
ပျော်မနေတာထက် မနေပျော်တာပါ

ဖြစ်တည်မှုကတော့ ရှင်းတယ်
နောက်လှည့်ကြည့်တိုင်း ခြေရိပ်တွေကို
မြင်စေချင်လွန်းလို့ ထောင့်ချိုးတိုင်းမှာ
စောင့်နေပေးတယ်
စောင့်မနေသူအတွက် စောင့်နေပေးဖြစ်ပါတယ်။ ​

မြစ်ဝကျွန်းပေါ်မှာ မိုးမရွာဘူး ။
ပင်လယ်ဟာ လူတွေကိုမျက်နှာလိုက်တယ်။
ပင်လယ်လေတွေဟာ အစ်မသွားလုံးလေးတွေနဲ့ နားရွက်ဖျားတွေကြည့်ရတာလောက်
စိတ်လှုပ်ရှားဖို့မကောင်းဘူး။
ပင်လယ်လေဟာ မျက်နှာလိုက်တယ်။
မြစ်ဝကျွန်းပေါ်မှာ သိပ်ပူတယ်။

အအေးခန်းထဲက ထုတ်လိုက်တဲ့ ဘိလပ်ရည်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေဟာ အပြင်ကိုလျှံထွက်ကျလာတယ် ။
အပူဟာ လျှင်လျှင်မြန်မြန်ပဲ ဝါးမြိုပစ်တယ်။

မနေပျော်ဘူးကွယ်

ဗဒင်ရဲ့ နေရာ နဲ့ သန်းတင့်ရဲ့
ဒီကမ္ဘာကိုမောင်လာတယ် နဲ့အတူ
ပေါင်းသင်းနေထိုင်ရတယ်။ ကိုယ်ဖြင့်
ကွာရှင်းချင်လှပြီ ။
ယက်ဖတူရှင်ဂို ကဗျာကို ကူးရနိုးနိုး
ကဗျာက ငါ့ချစ်သူလာလိမ့်မယ် တဲ့
မှားပါတယ်
ချစ်သူဟာ မလာခဲ့ဘူး
ဗြဟ္မာပြည်က အပ်နဲ့ လူ့ပြည်က အပ်ဖျား
တစ်ချက်ထိသွားတောင် ချစ်သူဟာ
မလာခဲ့ဘူး ။

ချစ်သူ့အတွက် တို့စောင့်ရတယ်
မြစ်ဝကျွန်းပေါ်ရဲ့ မိုးကို တို့စောင့်ရတယ်

အလကားသပ်သပ် စိတ်ကောက်ချင်ယောင်ဆောင်တာမဟုတ်ကြောင်း
အလကားသပ်သပ် လွန်ဆွဲရတာမဟုတ်ကြောင်း
ဘာအရာမှ အလကားမဟုတ်ကြောင်း

ချစ်သူနဲ့ မိုး ကို ကိုယ်ရှင်းပြချင်ပါတယ်။

Supremacy of LoveWhere stories live. Discover now