ပါရီက အချစ်ဇာတ်လမ်းလှလှကလေးတွေကို တောင့်တတာလား ။အီတလီမှာရှိတဲ့ ကဗျာတွေပဲလား ။
ဒါတွေဟာ တဂယ်တော့ စိတ်ကူးယဉ်လို့ကောင်းတဲ့ ဇာတ်လမ်းလှလှလေးတွေပါပဲ ။
"ငိုနေတာမရပ်ကြတော့ဘူးလား"
အဲလစ်ဇာနဲ့ မျက်နှာချင်းဆိုင်မှာထိုင်ပြီး အငိုမတိတ်တော့ နာရီက တစ်ရှုးတစ်ခုပြီးတစ်ခုကမ်းပေးနေသည် ။ဖုဖောင်းနေတဲ့ မျက်လုံးတွေနဲ့ နာရီဟာလည်း ငိုခဲ့ပုံကျ၏ ။
"ငါပါငိုချင်လာပြီ တော်ကြပါတော့"
"ရီကိုက ငါတို့ကို ရထားဂိတ်ထိတောင် လိုက်ပို့မခံဘူး ဘယ်လိုလုပ်မလဲ အီးးးး"
ရှိုက်ရှိုက်ငိုနေတဲ့ အဲလစ်ဇာဆီက ပထမဆုံးထွက်လာတဲ့ စကားကို နှစ်ယောက်လုံး နှာခေါင်းရှုံ့လိုက်မိသည် ။ဖြစ်နိုင်တယ်လေ ။ရီကို့စိတ်က ခန့်မှန်းမရဘူးမလား ။
"ရှစ်နှစ်ကြီးတောင် ရီကို သူမလို့ ငါတို့ကို အကြောင်းသေချာမပြောပဲ လုပ်ရက်တယ် နင်စဉ်းစားကြည့်"
လက်အမူအယာနဲ့ နာရီက ငိုကြီးချက်မပြောလာပြန်၏ ။ငိုသံတွေကြားမှာ ရှုးချင်လာတာ ကိုယ်တစ်ယောက်ထဲသာကျန်လိမ့်မယ် ။
"ဘာဖြစ်နေကြတာလဲ"
"အန်တီမယ်ရီ"
အဲလစ်ဇာဟာ မာမီ့ခါးကိုမှီပြီး ကလေးလို ငိုယိုနေတာမလို့ မာမီက ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ စိတ်ပူနေပုံကျသည် ။
မာမီ့ဆီက စီးကရက်တစ်လိပ်ကို ယူပြီး မျက်တွင်းဟောက်ပက်နဲ့ ဖွာနေမိသည် ။စိတ်ကျရောဂါအထိတော့ မရလောက်ဘူးမလား ။
"သူ့ဘဝတက်လမ်းလေ မာမီတို့က ပိတ်ပင်လို့ကောင်းမလား ၊ လိုက်မပို့စေချင်တာကလည်း သမီးတို့ ဒီလိုငိုနေမှာသိလို့ပေါ့"
"ဒါပေမဲ့ စိတ်ပိုမကောင်းတာပေါ့"
မာမီဟာ ဖြစ်သင့်တာတွေ ၊ မဖြစ်သင့်တာတွေ ပြောနေတာနဲ့ မပြီးတော့ပါဘူး ။နားထဲတစ်စက်မှဝင်မရတာမလို့ ရီကိုနဲ့ ပြန်မရနိုင်လောက်တော့မဲ့ အရာလှလှကလေးတွေကိုသာ ပြန်တွေးနေမိသည် ။