zawgyi
"နောက်နှစ်လနေရင် ကျွန်တော်က ဂွမ်ချွန်းက ကျွန်တော့်အဖေရဲ့ကုမ္ပဏီကိုဦးဆောင်ရတော့မှာပါ ကျွန်တော်ဝါသနာပါတဲ့ဒီအလုပ်ကလေးကိုလည်း နိဂုံးချုပ်ရတော့မှာပါ အဲ့ဒါကြောင့်အန်ကယ်တို့ရဲ့ကမ်းလှမ်းမှုကိုအားနာစွာပဲငြင်းရမယ်ထင်ပါတယ် ကျွန်တော်လည်းတကယ်အားနာပါတယ်"
ဂျွန်က သူ့မျက်စိရှေ့ဆိုဖာပေါ်တွင်ထိုင်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးနှင့် အမျိုးသမီးကြီးအား အားတုန့်အားနာပင်ပြောလိုက်သည် ။ ညှိုးနွမ်းနေသော လူကြီးနှစ်ယောက်ရဲ့မျက်နှာကြောင့် သူလည်းပဲစိတ်မကောင်းဖြစ်ရပါသည် ။
"ဆရာရယ် .. အန်တီတို့သားလေးက ဆိုးတဲ့ကလေး မဟုတ်ပါဘူး သူ့အသက်ကသားထက်တောင်ကြီးနေမှာပါ သားသူ့ကိုထိန်းကျောင်းရတဲ့အတွက် ဘာအခက်အခဲမှမရှိစေရပါဘူးကွယ် စာသင်ခိုင်းတယ်ဆိုတာထက် အန်တီ .. အန်တီတို့ကိုမှာ တခြားမျှော်လင့်ချက်လေးတောင်မရှိတော့လို့ .. ပါ .. ဟင့်"
အမျိုးသမီးကြီးသည်စကားအဆုံးတွင်မျက်ရည်များကျလာ၍ မျက်နှာကိုအောက်ငုံ့ချလိုက်သည် ။ ခင်ပွန်းဖြစ်သူမှာလည်း မျက်ကြောများရဲ၍ ဝမ်းနည်းမှုကိုတင်းခံထားရသည် ။
ထိုကဲ့သို့မြင်ရတော့ ဂျွန်တကယ်မငြင်းတတ်တော့ချေ ။
ဒူးပေါ်က လက်ဖဝါးတို့ကို ခပ်တင်းတင်းတစ်ချက်ဖျစ်ညှစ်မိရင်းမှ ဂျွန်သက်ပြင်းလေးခိုးချလိုက်သည် ။"ဒါဆိုလည်း ကျွန်တော် အချိန် ၂ လအထိသူ့ကိုထိန်းကျောင်းပေးပါ့မယ် စာကိုလည်းတတ်နိုင်သလောက်သေချာလုပ်ပေးပါ့မယ်"
ဂျွန့်ရဲ့အလုပ်ကအစိုးရအလုပ်လည်းမဟုတ်သလို ဝန်ထမ်းအလုပ်လည်းမဟုတ် ။ မသန်စွမ်း သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုချို့ယွင်းနေသူများ ၊ သာမန်လူတွေ ကဲ့သို့မသန်စွမ်းချို့တဲ့သူများအား စာသင်ပြ၍ ထိန်းကျောင်းပေးသောအလုပ်ကလေးဖြစ်သည် ။ စာသင်တယ်ဆိုတာထက် ထိုသူတွေကိုလူ့ပတ်ဝန်းကျင်ထဲပြန်ဆွဲခေါ်ပေးသည့် နွေးထွေးသောအလုပ်လေးတစ်ခုဖြစ်သည် ။