zawgyi
Day - 55.
မြင့်မားတဲ့အဆောက်အဦကြီးတစ်ခု၏ အမိုးပေါ်တွင် သူတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင်ထိုင်နေကြတာဖြစ်သည် ။ ဒီနောက်ပိုင်း ဂျွန်ကထယ်ဟျောင်းကိုအပြင်ကိုခဏခဏခေါ်ထုတ်လာတတ်သည် ။ ဒါကသူတို့နှစ်ယောက်ကို ပိုပြီး နီးစပ်စေသည်ဟု ခံစားရလို့ .. ။
ထယ်ဟျောင်းကစက္ကူရုပ်လေးတွေခေါက်နေတာဖြစ်ပြီး သူတစ်ရုပ်ခေါက်လို့ပြီးသွားတိုင်း ဂျွန့်ကိုပေးသည် ။ ဂျွန်ကထိုစက္ကူရုပ်လေးများကို ဖန်ဘူးလေးတစ်ခုထဲကိုတစ်ဆင့်ပြန်ထည့်ပေးလေသည် ။ နေ့လည် ၂ နာရီလောက်တည်းကခေါက်နေသော စက္ကူရုပ်သေးသေးလေးတွေမှာ အခု ညနေ ၅ နာရီတွင် ဖန်ဘူးလေးအတွင်းပြည့်လုနီးနေပြီဖြစ်သည် ။
"အင့်"
အပြာရောင်ငှက်ရုပ်သေးသေးလေးကို ဂျွန့်ရှေ့သို့ထိုးပေးလာသည် ။ ဂျွန်ထိုငှက်ကလေးကိုယူလိုက်ပြီး ဖန်ဘူးထဲထည့်လိုက်ရင်း ..
"ပြည့်တော့မယ် .. ဒီလောက်ဆိုတော်ရောပေါ့အစ်ကိုရာ အစ်ကို့လက်ကလေးတွေနာမနေဘူးလား အဲ့လောက်အများကြီးခေါက်နေတာကို အိမ်မှာလည်းဒီလိုဘူးတွေမှ နည်းတာမဟုတ်ဘူး အများကြီးပဲ။"
"ပြည့်အောင်ခေါက်မှာ"
နှုတ်ခမ်းလေးမလှုပ်တလှုပ်နှင့်ပြန်ပြောလာသူလေးကို ဂျွန်ဆူလည်းမဆူရက်ပါ ။ သက်ပြင်းလေးသာခိုးချမိသည် ။
"ဂျွန့်အတွက် .."
ဂျွန်ဖန်ဘူးလေးကိုလှုပ်ကြည့်နေရင်းမှ ထိုစကားလေးကြောင့် ရပ်တန့်သွားရသည် ။
"ဂျွန့်ကိုပေးမှာ ဒါပြည့်ရင် .."
ဂျွန့်ရင်ထဲရထားတစ်စင်းလှုပ်ခတ်သွားသလို တင်းကြပ်နေသောခံစားချက်တစ်ခုလည်းရင်ထဲတွင်ဖြစ်ပေါ်သွားရသည် ။
ခဏတာမျှထိုဖန်ပုလင်းလေးကိုကြည့်နေလိုက်ပြီး ထယ်ဟျောင်းကိုပြန်ကြည့်လိုက်တော့ သူ့ဖက်ကိုငေးကြည့်နေရင်း တုန့်ပြန်မှုကိုစောင့်မျှော်နေဟန် ။ ခပ်စိပ်စိပ်မျက်တောင်လေးတွေရယ် .. ပါးမို့မို့လေးတွေရယ် ၊ အဲ့ဒီ့အပြစ်ကင်းစင်နေတဲ့ မျက်ဝန်းလေးတွေရယ် .. ။
