Ep - 2 [ Unicode ]

472 27 5
                                    

'' ဟဲ့ ၊ ကလေးက ဘာလို့ဒီလောက်ငိုနေရတာလဲ ။ ညည်းသေချာဂရုမစိုက်ဘူးလား ယမင်းမယ် ''

ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို အိမ်ပေါ်ပင်မတတ်ရသေး ကြားလိုက်ရတဲ့ယောင်းမဖြစ်သူရဲ့ အသံကြောင့်ဒေါ်ယမင်းမယ် မျက်နှာပျက်သွားသည်။ ငယ်ပေမယ့် အဒေါ်တွေအကြောင်းကိုသိတဲ့ ရနောင်းကလည်း ချက်ချင်းဆိုသလို တိတ်သွားကာ သူ့အမေရင်ခွင်ကိုမှီလျက်ငြိမ်သွားတော့သည်။

'' မဟုတ်ပါဘူး အစ်မရယ် ၊ ကလေးဆိုတော့ ဒီတိုင်းအခန့်မသင့်လို့ငိုတာပါ ။ ''

ထိုစကားကို ကြားတော့ဒေါ်ကြည်မြက နှုတ်ခမ်းကိုမဲ့ကာ လက်ထဲမှာပါလာတဲ့ ယပ်တောင်ကိုတဖျတ်ဖျတ်ခပ်သည်။ တစ်အိမ်လုံးကိုလည်း လှည့်ပတ်ကြည့်ကာ ပြောစရာတွေ့မလားဆိုပြီးလိုက်ရှာနေ၏ ။

'' ဒါနဲ့ ညည်းသားရော ၊ ဒီအချိန်အလုပ်ပြန်ပြီမလား ''

ငြိမ်သက်နေတဲ့အခြေအနေမှာ ဒေါ်ကြည်တင်ရဲ့အမေးကြောင့် ဒေါ်ယမင်းမယ် သက်ပြင်းချလိုက်ကာ စကားလှအောင်ဖြေရပြန်သည်။ သူ့ညီနဲ့စိတ်ဆိုးပြီး အပြင်ထွက်သွားတယ်ဖြေလို့ကတော့ သည်မိန်းမနှစ်ယောက်လုံး အိမ်မပြန်ခင်အထိ သူတို့သားအမိတွေကို ပြောလို့ဆိုလို့ပြီးမှာမဟုတ်တော့ ။

'' ကိစ္စလေးရှိလို့ဆိုပြီး ခနအပြင်ထွက်သွားတာပဲ ။ အစ်မတို့ထိုင်ကြဦးလေ ။ ကျွန်မလက်ဖက်ကလေး သွားသုပ်လိုက်ဦးမယ် ''

'' အမလေး နေပါအေ ။ ညည်းတို့အိမ်ကဆီက ဆီချေးစော်နံကနံနဲ့ မစားတော့ပါဘူး ။ လမ်းကြုံလို့ ခနဝင်လာတာ ။ ပြန်တော့မှာအခု ။ ရော့ ဒီမှာ ဟိုကောင်လေး မုန့်ဖိုးလာယူ ''

​ဒေါ်ကြည်မြက ပြောပြောဆိုဆိုနဲ့ ငါးရာတန်တစ်ရွက်ကို အတွင်းခံအိတ်ထဲကနှိုက်လိုက်ကာ ရနောင်းကို ကြည့်ပြီးကမ်းပေးလာသည်။ ရနောင်းက ငိုထားတဲ့အရှိန်နဲ့ နှေးတုံ့နှေးတုံ့ဖြစ်နေတာကို ကြည့်ပြီး ဒေါ်ကြည်မြရဲ့ခပ်ဆတ်ဆတ်လေသံကထွက်လာတော့သည်။

'' ဟဲ့ လာယူစမ်းပါအေ ၊ ကလေးဖြစ်ပြီးသွက်သွက်လက်လက်မရှိဘူး ။ ''

ဒေါ်ကြည်မြကအနားရောက်လာတဲ့ရနောင်းလက်ထဲ ပိုက်ဆံထည့်ပေးကာ ပြောပြောဆိုဆိုနဲ့ ခေါင်းခေါက်လိုက်တာကြောင့် နဂိုထဲကဝမ်းနည်းနေတဲ့ရနောင်း မျက်ဝန်းထဲ မျက်ရည်တွေ ပြည့်အိတတ်လာတော့သည်။

A Tale of Two Hearts (Temporary Rest)Where stories live. Discover now