Ep 15 [ Unicode ]

294 10 7
                                    

'' အဲ့တယောက်ကစကားကိုမပြောတာနော် ၊ ငါကြည့်နေတာကြာပြီ။ ငါသွားနှုတ်ဆက်တော့လည်း အင်း အဲ ပဲ ''

'' သူကအဲ့လိုပါပဲကွာ ၊ မင်းကအသစ်မလို့သိပ်မသိတာဖြစ်မယ် ''

လွန်ခဲ့တဲ့တပတ်ကမှအလုပ်ဝင်လာတဲ့ အာကာက အလုပ်သမားတွေအကြောင်းသိပ်မသိသေး ။ ထို့ကြောင့် အာကာသွားနှုတ်ဆက်တိုင်း အနည်းငယ်ပြုံးကာ ခေါင်းသာငြိမ့်ပြတတ်သောရထာက အာကာ့​အတွက်အထူးအဆန်းဖြစ်နေခဲ့သည်။

ရန်အောင်တို့လို အကြောင်းသိတွေအတွက်ကတော့ ရထာ့ရဲ့သည်လိုပုံကမဆန်း။ လူတွေနဲ့ရောရောနှောနှောမနေတတ်ပေမယ့် ရထာကသူများအကူအညီလိုတိုင်းကူညီဖို့ လက်မနှေးတတ်တာကြောင့် မည်သူကမျှကြည့်မရတာမျိုးမရှိခဲ့။ ပွဲရုံအလုပ်ကလည်း တနေ့တနေ့အားအားနေရသည်ကိုမရှိတာ​ကြောင့် ၊ အနီးကပ်လူတွေကလွဲပြီး လူတိုင်းအကြောင်းလည်းလိုက်မစဥ်းစားနိုင်ကြပါ။

'' ဟေ့ကောင်တွေ ၊ မပြောနဲ့တော့ ဟိုမှာလာနေပြီ ''

ခြံဝင်းထဲဝင်လာတဲ့ ရထာကိုမြင်တော့မှ အာကာတို့အုပ်စု စကားပြောရာမှရပ်လိုက်ကြသည်။ ရထာကတော့ သူ့ထုံးစံအတိုင်း မျက်နှာတည်နဲ့ဝင်လာပြီး မည်သူ့ကိုမျှလည်းပြုံးပြခြင်းမရှိ။ သူ့ကိုကြည့်နေတဲ့မျက်လုံးတွေကို အာရုံစိုက်မိတော့ တချက်ကြည့်ကာ အသိအမှတ်ပြုဟန် ခေါင်းငြိမ့်ပြသည်။

အာကာတို့ကလည်း ပြုံးပြတဲ့သူကပြုံးပြ ၊ ရယ်ပြတဲ့သူကရယ်ပြနဲ့ ယောက်ယက်ခတ်သွားကြသည်။ ရထာကအဲ့လိုလှည့်ကြည့်မယ်ထင်မထားတာကြောင့်လည်း အကုန်လုံးက သူခိုးလူမိသလို ခံစားလိုက်ရပြန်၏ ။

ရထာ အဆောင်ခန်းထဲရောက်တာနဲ့ ရေချိုးဖို့ပြင်ရသည်။အဘွားနာရေးပြီးကထဲက ရထာအိမ်မှာမနေတော့ဘဲ ပွဲရုံကဝန်ထမ်းအများစုနေသည့်အဆောင်ကို ပြောင်းခဲ့တာ နှစ်ပတ်လောက်တောင်ရှိတော့မည် ။ ဘယ်သူနဲ့မှလည်း စကားမှ​ပြောချင်စိတ် ၊ တိုင်ပင်ချင်စိတ်မရှိတာကြောင့် ​ကိုယ့်ဟာကိုယ် ကိုယ့်အထုတ်ကိုယ်ဆွဲပြီး ဆင်းလာခဲ့၏ ။ ရနောင်းကတော့ မျက်ရည်လေးတစမ်းစမ်းဖြစ်နေပေမယ့် သူ့အကိုစိတ်ကိုသိတော့ တားလည်းမတားရဲရှာ ။ ကျောင်းကိုမကြာခဏလာတွေ့ပါမယ်ဆိုမှ ငြိမ်ကျသွားတဲ့ ကလေးလေးက ရထာ့မျက်နှာကို အနမ်းတွေအများကြီးပေးခဲ့သည်။

A Tale of Two Hearts (Temporary Rest)Dove le storie prendono vita. Scoprilo ora