အလုပ်ကပြန်လာလာချင်း မြင်လိုက်ရတဲ့ သူတွေကြောင့် ရထာ သက်ပြင်းမသိမသာချလိုက်မိသည်။ ဘုရားစင်ရှေ့ကဖျာပေါ်မှာထိုင်ရင်း အာပေါင်အာရင်းသန်သန်နဲ့ ပြောနေတဲ့ အဒေါ်တွေက ရထာ့ကိုမြင်တော့ စကားပြောလက်စ ရပ်သွားကာ ဒေါ်ကြည်မြက ရထာ့ကိုမျက်စောင်းထိုးလာသည်။
'' ပြတ်တဲ့သူတွေက ပြတ်နိုင်ပေမယ့် ကျုပ်တို့က မပြတ်နိုင်တော့ လာရတာပေါ့တော် ၊ မိသားစုကို မိသားစုလို သိတဲ့သူတွေလေ ။ တချိူ့များ အဒေါ်အရင်းခေါက်ခေါက်တွေကို ပြတ်နိုင်လိုက်တာများ ''
ရထာအခန်းထဲဝင်လာတဲ့အချိန်ထိ အပြင်က စောင်းသဲ့သဲ့ ရိသဲ့သဲ့အသံတွေက ကြားနေရတုန်း။ အလုပ်ကပြန်လာပြီး ပင်ပန်းနေတဲ့အပြင် ရနောင်းကိုလည်း ကျောင်းသွားကြိုရဦးမှာကြောင့် ရထာ မကြားချင်ယောင်ဆောင်ကာ လွယ်အိတ်ကို ပစ်ချလိုက်ပြီး ပိုက်ဆံအိတ်နဲ့ဖုန်းကို ပုဆိုးခါးကြားထိုးကာ အပြင်ပြန်ထွက်ဖို့ပြင်လိုက်သည်။
'' ရထာ ''
ရထာ့အခန်းထဲကို ဒေါ်ယမင်းမယ်က ခပ်သုတ်သုတ်ဝင်လာပြီး အခန်းတံခါးကိုပြန်ပိတ်လိုက်သည်။
'' မင်းဟိုနေ့က လစာထုတ်တယ်မလား ၊ အဲ့ဒါ နည်းနည်းပေးဦး ''
ထင်သည့်အတိုင်း ပိုက်ဆံတောင်းသည့်ကိစ္စပဲ ဖြစ်နေတာကြောင့် ရထာ ဆံပင်တွေကို စိတ်ပျက်လက်ပျက် သပ်တင်လိုက်မိ၏ ။
'' ကျစ် ၊ ဒီလ မီတာခရော ရေဖိုးရော မပေးရသေးဘူးနော် အမေ ။ အခုက ဘာလုပ်ဖို့လဲ သူတို့ဖို့ပဲလား ''
'' အိမ်အထိလာနေမှတော့ မကန်တော့ရင်ကောင်းမလားဟဲ့ ၊ ပေးစမ်းပါ ငါးသောင်းလောက် ၊ ဆေးဖိုးဆိုပြီး ပေးလိုက်မယ် ''
'' အမေ့ကို အဲ့ဒါတွေစိတ်ညစ်တာ ၊ ရန်တွေဖြစ်တယ် ၊ ပြီးရင် တကယ်ပြတ်လားဆိုတော့လည်း မဟုတ်ဘူး ၊ အချိန်တန် ကပ်ဖားရပ်ဖားပြန်လုပ်တာပဲ ''
'' ဟဲ့ နင်လူကြီးကို မစော်ကားနဲ့ ။ သူတို့သေရင်အမွေကနင်တို့ညီအစ်ကိုပဲရမှာ ၊ အခုကထဲက ပြတ်လိုက်ရင် အမွေမပေးတော့ရင် ဘယ်လိုလုပ်မလဲ ။ မအေကို ပြန်ပြီးဆရာလုပ်မနေနဲ့ ၊ ပေးမှာဖြင့် ပေး အခု ''
YOU ARE READING
A Tale of Two Hearts (Temporary Rest)
General Fiction𝑨 𝒎𝒆𝒎𝒐𝒓𝒂𝒃𝒍𝒆 𝒕𝒂𝒍𝒆 𝒐𝒇 𝒂 𝒔𝒊𝒎𝒑𝒍𝒆 𝒂𝒏𝒅 𝒓𝒆𝒇𝒓𝒆𝒔𝒉𝒇𝒖𝒍 𝒚𝒐𝒖𝒏𝒈 𝒎𝒂𝒏 𝒂𝒏𝒅 𝒂 𝒔𝒕𝒓𝒐𝒏𝒈 𝒃𝒐𝒚 𝒘𝒉𝒐 𝒊𝒔 𝒔𝒆𝒏𝒔𝒊𝒕𝒊𝒗𝒆𝒍𝒚 𝒄𝒂𝒓𝒓𝒚𝒊𝒏𝒈 𝒉𝒊𝒔 𝒇𝒂𝒎𝒊𝒍𝒚'𝒔 𝒃𝒖𝒓𝒅𝒆𝒏