မနေ့က အတော်ပင်ပန်းသွား၍ထင် ၊ မနိုးစဖူး ဒီနေ့ ၇နာရီမှ နိုး၍ ရထာ ခပ်သွက်သွက်ပြင်ရတော့သည်။ ဒေါ်ယမင်းမယ်ကလည်း ညညအိပ်မပျော်တဲ့ရောဂါရှိတာကြောင့် ၈နာရီလောက်မှသာ ထပြီး ရနောင်းကိုပြင်ဆင်ပေးကာ ၉နာရီခွဲအမှီမူကြိုပို့ပေးတာ ဖြစ်သည်။
ဒီနေ့ကစတော့စနေမလို့ ကျောင်းပို့စရာမလိုတာကြောင့် ၈နာရီထက်နည်းနည်းနောက်ကျမှ ထလိမ့်မည်။ နားရက်မရှိတဲ့ ရထာကတော့ ခပ်မြန်မြန်ရေမိုးချိုးပြင်ဆင်ကာ ညက ကျန်တဲ့ဝက်သားဟင်းနဲ့ ထမင်းကြမ်းကိုခပ်သွက်သွက်စားအပြီး အပြင်ထွက်ဖို့လုပ်ရ၏ ။
ခြံတံခါးကိုဖွင့်ကာ ခြေလှမ်းမည်အပြု ခြေသလုံးနားမှာတင်းခနဲ ဖြစ်သွားတာကြောင့် ရထာငုံ့ကြည့်လိုက်တော့... ရနောင်းရယ်လေ ဘယ်အချိန်ကထဲကရောက်နေတယ်မသိ ။ ရထာ့ပုဆိုးစကိုလက်ကလေးတွေနဲ့ဆွဲကာ မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်နေ၏ ။
ဘာလဲဆိုတဲ့သဘောနဲ့ ရထာမေးငေါ့ပြလိုက်တော့ ရနောင်းက အနောက်မှာဖွက်ထားတဲ့ ဘယ်လက်ကိုထုတ်ကာ လက်ကလေးဖြန့်ပြလာသည်။ မြင်လိုက်ရတဲ့ စတော်ဘယ်ရီချိုချဉ်လုံးကြောင့် ရထာ မျက်မှောင်ကြုတ်လိုက်သည်။
'' ကိုကြီး ၊ စိတ်မဆိုးပါနဲ့တော့ ''
ကြားလိုက်ရတဲ့ အသံသေးသေးကြောင့် ရထာပြုံးမိတော့မလိုဖြစ်သွားပြီးမှ မျက်နှာကိုပြန်တည်လိုက်ပြီး ရနောင်းရဲ့နှဖူးပြောင်ပြောင်ကို တောက်လိုက်သည်။
'' ဟင့် နာတယ် ''
'' ကိုယ့်အပြစ်ကိုယ်သိလား ''
'' ဟုတ် ၊ သားနောက်ဆို ကိုကြီးစကားနားထောင်ပါ့မယ် ''
ရနောင်းကသူ့နှဖူးလေးသူ လက်နဲ့အုပ်ကာ ပါးဖောင်းဖောင်းတွေတုန်နေအောင် ခေါင်းငြိမ့်ရင်းပြောလာသည်။ ရထာပြုံးလိုက်ပြီးနောက် ရနောင်းရဲ့ခေါင်းလေးကို လက်နဲ့အုပ်ကိုင်လိုက်ပြီး
'' အပြန်ကျ ရေခဲမုန့်ဝယ်ခဲ့မယ် ။ လိမ်လိမ်မာမာနေ ။ ညနေအပြင်ထွက်ဆော့ရင်လည်းအမေ့ကိုပြောပြီးမှသွား ။ ''
'' ဟေး ၊ တကယ်နော် ကိုကြီး ။ သားကစတော်ဘယ်ရီစားမှာနော် ''
'' သိပြီ ၊ သွား အိမ်ထဲဝင်တော့ ။ မဆော့ခင်အိမ်စာပါလာရင်လုပ်ဦး ''
KAMU SEDANG MEMBACA
A Tale of Two Hearts (Temporary Rest)
Fiksi Umum𝑨 𝒎𝒆𝒎𝒐𝒓𝒂𝒃𝒍𝒆 𝒕𝒂𝒍𝒆 𝒐𝒇 𝒂 𝒔𝒊𝒎𝒑𝒍𝒆 𝒂𝒏𝒅 𝒓𝒆𝒇𝒓𝒆𝒔𝒉𝒇𝒖𝒍 𝒚𝒐𝒖𝒏𝒈 𝒎𝒂𝒏 𝒂𝒏𝒅 𝒂 𝒔𝒕𝒓𝒐𝒏𝒈 𝒃𝒐𝒚 𝒘𝒉𝒐 𝒊𝒔 𝒔𝒆𝒏𝒔𝒊𝒕𝒊𝒗𝒆𝒍𝒚 𝒄𝒂𝒓𝒓𝒚𝒊𝒏𝒈 𝒉𝒊𝒔 𝒇𝒂𝒎𝒊𝒍𝒚'𝒔 𝒃𝒖𝒓𝒅𝒆𝒏