နိဂုံး

1K 149 5
                                    

"ကိုကိုရေ...အရွက်လေးတွေ ရေဆေးပြီးပြီဆိုတော့ ကျွန်တော် ကြက်သွန်လေးလှီးထားလိုက်မယ်နော်..."

အစကတစ်ပတ်တည်းဒီအိမ်မှာလာနေဖို့အစီအစဉ်ရှိခဲ့တဲ့သူ့အစ်ကိုလေးရဲ့ ရှေးရေစက်လေးကတစ်သက်လုံးနေဖို့သေချာသွားတဲ့အခါ ဖန်းဖန်းတစ်ယောက်ဒီလိုတနင်္ဂနွေနေ့မျိုးဆို အနားရတော့တာပါပဲ။

ကိုယ်ကိုယ်တိုင်ကိုယ့်လက်လေးနဲ့မှ ဆွမ်းချိုင့်ပြင်ရတာကြိုက်တဲ့ ရှေးရေစက်လေးနောက်မှာဝမ်ရိပေါ်ကအမြဲတမ်းအလိုက်သတိပါပဲ။ကြက်သွန်လေးအခွံခွာလိုက်ပါဦးလို့ မပြောရခင်ကတည်းက စဉ်းတီတုံးပေါ်မှာ လှီးပြီးသားကြက်သွန်ပါးပါးလေးတွေကနေရာယူသွားတော့တာပါပဲ။

ဆွမ်းဟင်းချက်ရလို့ ရှေးရေစက်လေးပင်ပန်းနေလား၊အင်္ကျီလက်လေးနဲ့ချွေးစလေးတွေသုတ်ပေးပြီးသားဖြစ်သလို ရေချမ်းလေးလည်းသောက်ပါဦးလားလို့ကမ်းလှမ်းလိုက်ပါသေးတယ်။

"ဟင်းကျက်ပြီဆိုတော့ ကိုကိုရေသွားချိုးပြီး ပြင်ဆင်ထားလိုက်တော့လေ...ကိုကို ရေချိုးနေတဲ့အချိန် ကျွန်တော် ခြံထဲမှာ တံမြက်စည်းလေးလှဲနေလိုက်မယ်..."

ဒီလိုအခြင်းအရာတွေကြောင့်ခြံထဲကသန့်ရှင်းရေးအလုပ်တွေကို တစ်ယောက်တည်းသိမ်းကျုံးလုပ်လာခဲ့ရတဲ့ ကျိုးလုံလည်း ပျော်ရွှင်နေရပါတယ်။ဒါတင်ကသေးလားဆိုတော့မဟုတ်ပါဘူး။မာလကာသီးလာခူးစားတဲ့ကလေးတွေကိုစောင့်ဖမ်းပေးရတဲ့အလုပ်တစ်ခုလည်းလျှော့ကျသွားပါတယ်။

အလုပ်တွေလျှော့လာလို့ ကျိုးလုံဝမ်းသာရပေမယ့်ညညဆိုတစ်ပင်တည်း ကြိတ်ငိုတတ်တဲ့မာလကာပင်ကြီးအတွက်တော့ စိတ်မကောင်းဖြစ်ရပါတယ်။သူ့အစ်ကိုလေးတစ်ယောက်သဒ္ဓါတရားတွေအင်မတန်ကောင်းလာပြီးတဲ့နောက်ပိုင်း မာလကာပင်ကြီးလည်းအလျင်မီအောင်အသီးမသီးပေးနိုင်တော့ဘဲမျိုးတုံးချင်သလိုလိုဖြစ်လာရလို့ပါပဲ။

ဝမ်ရိပေါ်က လက်ရှိသူ့အဘွားပိုင်တဲ့ ပေ ၁၈၀ ပတ်လည်အိမ်ခြံမြေထဲမှာ သီးပင်စားပင်တွေအကုန်စိုက်ထားပါတယ်။ မအားလပ်လို့ ဈေးမဝယ်ခြမ်းနိုင်တဲ့အခါမျိုးတွေမှာအချိန်မရွေးဆွမ်းချိုင့်ပြင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။

ရှေးရေးစက်လေးအသက်ရလာလို့ ဝါသနာပါတဲ့ကျောင်းဆရာအလုပ်ကိုရပ်နားလိုက်ရလည်း မပူစေရပါဘူး။အိမ်ရှေ့ဧည့်ခန်းတစ်ခုလုံးကို ကျူရှင်ခန်းလေးအဖြစ် ပြောင်းလဲပေးမယ်လို့လည်းဆိုပါတယ်။ထိုကဲ့သို့ဝမ်ရိပေါ်က သူ့ရှေးရေစက်လေးကို သူနဲ့တစ်သက်လုံးနေချင်အောင် ကြိုးစားပေးပါတယ်။

သို့ပေမယ့် ရှေးရေစက်လေး ဝမ်ရိပေါ်နဲ့တစ်သက်လုံးအတူတူနေချင်ရတဲ့အကြောင်းပြချက်က ထိုမက်လုံးလေးတွေကြောင့်မဟုတ်ပါဘူး။"လူ၊နတ်၊ဗြဟ္မာသုံးလောကမှာ ကိုကိုက ရိပေါ်ကိုအချစ်ဆုံးဖြစ်တာကြောင့်"လို့ပြောပါတယ်။ဒါကိုဝမ်ရိပေါ်သိပါတယ်။သိပေမယ့်လည်း ခဏခဏမေးပါတယ်။

"ကိုကိုရေ...ကျွန်တော့်ကိုချစ်လား..."

"ချစ်တာပေါ့..."

ဒီလိုလေးပြန်ကြားရတိုင်းဝမ်ရိပေါ်ရဲ့ဘဝင်ကနတ်ပြည်ကိုခေတ္တအလည်ရောက်သွားရတာပါပဲ။လူပြည်ကိုပြန်ကျလာရင်ဝမ်ရိပေါ်ဘက်ကလည်း ပြန်ပြောပါတယ်။နတ်ပြည်ကနတ်သမီးတွေက ကိုကို့ခြေဖျားတောင်မမှီပါဘူးဆိုတော့ရှေးရေစက်လေး သဲ့သဲ့ရယ်ပါတယ်။

"ကိုကို ကျွန်တော့်ရဲ့လက်ကိုကိုင်ထားနော်...နိဗ္ဗာန်ရောက်မယ့်လမ်းကို နှစ်ယောက်တူတူလျှောက်မယ်..."

ဒီလို ဒီလိုတွေကြောင့် ထင်ပါတယ်။

ဝမ်ရိပေါ်လို့ဆိုလိုက်တာနဲ့လမ်းထိပ်က နှစ်ထပ်တိုက် ပိုင်ရှင် ဝမ်ဘွားရဲ့ မြေးဆိုတာကိုသိပ်မသိကြတော့ပါဘူး။

တနင်္ဂနွေနေ့တိုင်းသူ့ရဲ့ရှေးရေစက်လေးဘေးမှာ ဆွမ်းချိုင့်လိုက်ဆွဲပေးရင်း ဘုရားသွားကျောင်းတက်လုပ်တတ်တဲ့ကောင်လေးတစ်ယောက်ကိုသာ လူတွေတန်းမြင်ယောင်မိလိုက်ကြတော့တာပါပဲ။

ပြီးပါပြီ။
29/3/2023

Trying To Impress My Grandma's FriendWhere stories live. Discover now