ဘယ်လို...ဘယ်လို။ ဘာဖြစ်တာ။ ရှေးရေစက်လေးရဲ့ အဆောင်မှာ ရေပိုက်တွေ ဘာဖြစ်တာ။
အိမ်အောက်ထပ် ဧည့်ခန်းဆိုဖာမှာပက်လက်လှန်ပြီး ဂိမ်းဆော့နေသည့် ဝမ်ရိပေါ်က ဂိမ်းထဲမှချက်ချင်းထွက်ကာ သူ့အရှေ့မှာဖုန်းပြောနေသည့်အဘွားဖြစ်သူကိုကြည့်လိုက်သည်။
"အဘွားတို့ အိမ်မှာလာနေပါကွယ် အားနာစရာမရှိပါဘူး...ဝန်ထုပ်ဝန်ပိုးလည်းမဖြစ်ရပါဘူး...အိမ်မှာလည်း ရိပေါ်ရှိတော့ ညီအစ်ကိုတွေအဖော်ရတာပေါ့...တခြားနေရာမသွားပါနဲ့...အဘွားပြောတာကိုနားထောင်လေနော်..."
"ဘွားဘွား ဘယ်သူနဲ့ပြောနေတာလဲဟင်..."
တစ်ဖက်ကဘယ်သူမှန်းသိပြီးသားဖြစ်သော်လည်း ဝမ်ရိပေါ်မေးလိုက်ခြင်းဖြစ်သည်။ဝမ်ဘွားက ဖုန်းလေးကိုလက်နဲ့ကာလိုက်၍ ဝမ်ရိပေါ်ကိုကြည့်ကာလေသံလေးဖြင့်...
"မြေးရဲ့ ကိုကိုနဲ့ပြောနေတာ..."
ဝမ်ရိပေါ်တစ်ကိုယ်လုံးပျော့ခွေစင်းပြီး တိမ်တွေပေါ်ပျံတက်သွားသလို ခံစားလိုက်ရသည်။ပြန်ပြောပါဦး ဘွားဘွားရယ်။ မြေးရဲ့ကိုကို လို့ နောက်တစ်ခေါက် လောက်။
"အဲ့တာဆို ဒါပဲနော် ကျန့်လေး...အဘွားပြောတာကို မငြင်းရဘူး..."
ဝမ်ဘွားဖုန်းချလိုက်ပြီးနောက်...
"မြေး ရိပေါ်..."
"ဗျာ...ဗျ..."
"ကျန့်လေးတို့ အဆောင်မှာ ရေပိုက်တွေပြင်နေလို့ နေရာထိုင်ခင်းပြဿနာကြောင့် ဘွားတို့အိမ် မှာခဏ လာနေဖို့ပြောလိုက်တယ်...တစ်ပတ်လောက်ပဲလေ..."
ဟာ။ ဘာလို့တစ်ပတ်လောက်ပဲလဲ။
"မြေး အဆင်ပြေတယ်မလား...ကျန့်လေးလာနေတဲ့အချိန်တွေမှာ ကောင်းကောင်းမွန်မွန်လေးဆက်ဆံပေးဟုတ်ပြီလား...အိမ်ရှင်ပီပီသသလေးပေါ့..."
ဘွားဘွားကတော့နောက်ပြီ။အိမ်ရှင်ပီသရုံတင်မကဘူး တစ်သက်လုံးမပြန်ချင်ဘဲ ဖြစ်သွားအောင် အိမ်ဦးနတ်ပီသ ပြလိုက်ဦးမှာ။
"ရှေးရေ...အမ်...ကိုကိုက ဘယ်တော့လာနေမှာလဲဒီညနေလား...အခုချက်ချင်းသွားကြိုပေးရမလားဟင်..."
"ကျိုးလုံကို ဘွား ခိုင်းလိုက်မယ်..."
"ဘွားဘွားကလည်း ဒီမြေးတစ်ယောက်လုံးရှိနေတာ အားကိုးစမ်းပါ...ကျွန်တော်ပဲသွားမှာ...ကျွန်တော်ပဲသွားမှာ..."
ချက်ချင်းအိမ်ပေါ်ပြေးတက်ကာ အဝတ်အစားလဲပြီး ကားသော့ဆွဲ၍ ခြံထဲဆင်းသွားသည့် မြေးဖြစ်သူကိုကြည့်ရင်း ဝမ်ဘွားခေါင်းအသာခါရမ်းလိုက်သည်။လက်ပံဖူးချိန်လည်း ကျော်လွန်သွားခဲ့ပြီးပါပြီ။သူ့မြေးကအခုဘာဖြစ်နေတာလဲ။
______________ _____________"လာပါကိုကို...အိမ်ထဲပဲအရင်ဝင်နော်...ကားနောက်ခန်းထဲက အထုတ်အပိုးတွေကျွန်တော်ဆွဲလာခဲ့မယ်..."
"ရပါတယ် ရိပေါ် အစ်ကိုကိုယ့်ဟာကိုယ်ဆွဲပါမယ်..."
"မရပါဘူး...ပေး...ပေး...ကိုကို့လက်က မြေဖြူကိုင်တဲ့လက်လေး..."
အိမ်မှာလည်းတစ်ပတ်နေခွင့်ပေးသည့်အပြင် အဆောင်ထိလည်း လာခေါ်ပေးခဲ့ခြင်းကြောင့် ဒီမြေးအဘွားအပေါ် ရှောင်းကျန့် အားနာစိတ်များဝင်မိသည်မှာဒုနဲ့ဒေးဖြစ်သည်။ပြီးတော့အခုသူ့အဝတ်အစားအိတ်ကိုတောင်ဆွဲပေးဖို့ပြင်နေသော ရိပေါ်ဆိုသည့်ကောင် လေးကိုလည်း တားမရနိုင်ဖြစ်နေသည့်အခါသက်ပြင်းလေးသာခိုးချလိုက်သည်။
"ကျွန်တော့်အိမ်ကကိုကို့အိမ်ပဲလို့သတ်မှတ်ပြီး ကိုယ့် အိမ်ကိုယ့်ယာလို သဘောထားနော်ကိုကို...လိုအပ်တာရှိရင် ဖန်းဖန်းနဲ့ ကျိုးလုံကိုပြောစရာမလိုဘူးကျွန် တော့်ကိုပဲပြော...လာ...လာ..."
ဝမ်ဘွား၊ ဖန်းဖန်းနှင့်ကျိုးလုံတို့ကို ရှောင်းကျန့်နှုတ်ဆက်ပြုံးပြနေရင်း ဝမ်ရိပေါ်က အိမ်အပေါ်ထပ်သို့ဦးဆောင်ခေါ်သွားတာကြောင့် ရှောင်းကျန့်သူ့လည်ဂုတ် လေးကိုလက်နဲ့ပွတ်၍ အနောက်ကနေလိုက်ပါလို့သွားရသည်။
"ဒါ ကိုကိုနေရမယ့်အခန်းပဲ..."
အခန်းတွင်းအပြင်အဆင်တွေကိုရှောင်းကျန့်ဝေ့ဝိုက်ကြည့်လိုက်သည်။
"ဒါ ရိပေါ်ရဲ့အိပ်ခန်းလား..."
"အင်း ဟုတ်တယ်လေ ကိုကို..."
"အစ်ကိုက ဒီမှာအိပ်တော့ ရိပေါ်က ဘယ်မှာသွားအိပ် မှာလဲ..."
အစကတည်းကဒီအခြေအနေကိုဝမ်ရိပေါ်ဆင်ထားခဲ့သော်ငြား မသိနားမလည်အရိုးခံမျက်နှာသေလေးဖြင့်...
"ကိုကို့ ဘေးမှာအိပ်မှာလေ..."
YOU ARE READING
Trying To Impress My Grandma's Friend
Diversosဘုရားသွား ကျောင်းတက် ရှေးရေစက် 📿 Cover Photo Crd: