"ကိုကို့ကို ဒီလိုပဲ စိတ်ကောက်နေတော့မှာလား ထည်ဝါ"
ထည်ဝါ ဘန်ဂလိုရှေ့က ခုံမှာထိုင်ပြီး ဖုန်း screen ကို အကြောင်းမဲ့ အပေါ်အောက် ပွတ်ဆွဲနေရင်းမှ ရှုတည်တည်နှင့် ကိုကို့ကို ကြည့်လိုက်သည်။ ကိုကိုက အခန်းဝမှာ တံခါးပေါင်ကိုမှီ၍ လက်ပိုက်ကာရပ်နေပြီး ပြုံးစစနှင့် ထည်ဝါ့ကိုကြည့်နေသည်။
အရယ်အပြုံးနည်းတတ်သည့် ကိုကိုက သူနှင့်ရွယ်တူ အစ်ကိုချောချောတစ်ယောက်နှင့် ရယ်ရယ်မောမော စကားပြောနေသည့် မြင်ကွင်းက ထည်ဝါ့ကို အူတိုစေသည်။ သဘောကောင်းလွန်းသည့် ထည်ဝါကြည်ညွှန်းက အူတိုတတ်သည့်နေရာမှာတော့ ဖေဖေနှင့်တူသည်ဟု ပြောရမည်ထင်သည်။ ကိုယ်ချစ်ရတဲ့သူတွေအပေါ်မှာတော့ နည်းနည်း အတ္တကြီးချင်မိရသည်။
ထည်ဝါခုံမှာ ထိုင်နေရာမှ ထလိုက်ပြီး ကိုကို့ကို တွန်းတိုက်ကာ အခန်းတွင်းသို့ ဝင်လိုက်သည်။ ကိုကိုက ထည်ဝါ့ခေါင်းကို လက်နှင့်အုပ်ကိုင်ကာ တားထားသည်။
"ဟိတ်! မြို့ထဲ မသွားချင်တော့ဘူးလားကွာ"
"ဟင့်အင်း... အစောကြီးရှိသေးတယ်... ကိုကိုဖယ်ပေး... ဝမ်းဖိုးခဏအိပ်မလို့"
ထည်ဝါက မျက်နှာကို တမင်စူပုတ်ထားပြီး ပြောတော့ ကိုကိုက လွှတ်ပေးသည်။
"ဗိုက်ရော မဆာသေးဘူးလား"
"မဆာဘူး"
ပြောပြီး ထပ်ခိုးပေါ်တက်လာကာ ခုတင်ပေါ်လှဲအိပ်ပစ်လိုက်သည်။ အိပ်ရာခင်းကို လက်ဖြင့်စမ်းမိချိန်၌ ချည်သားမဟုတ်ကြောင်း သတိထားမိသဖြင့် ပြန်ထလိုက်ပြီး အောက်ထပ်သို့ဆင်း၍ luggage တွေကို မွှေနှောက်ရသည်။
"ဟင်"
ပါပါးသေချာထည့်ပေးလိုက်သော ချည်သားစောင်က Luggage နှစ်ခုလုံးထဲတွင်ရှိမနေတော့ပေ။
"ဘာတွေရှာနေလဲ ကိုကို့အချစ်"
"ဝမ်းဖိုးရဲ့ ချည်သားစောင် ရော... ပါပါးထည့်ပေးထားတယ်"
"မရှိဘူး... ကိုကိုထုတ်ထားခဲ့တာ"
"ဟင်"
"ကိုကိုရှိနေတာကွာ ချည်သားစောင်က မလိုဘူးလေ"
YOU ARE READING
Love In Zircon
RomanceMyanmar Boy Love Fiction (OC) "မြန်မာပြည် မြေပုံရဲ့ ထိပ်ဖျား တောင်ပေါ်ဒေသလေးမှာ ဇာကွန်လို့ ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့လေးတမြို့ ရှိတယ်...လိင်တူလက်ထပ်ခွင့်ရှိပြီး နှင်းတွေအမြဲကျနေတတ်တဲ့ ချစ်စရာတောင်ပေါ်မြို့လေးမှာ ဦးငယ် က ချာတိတ်နဲ့ လက်ထ...