Home 숩 (Soobin×OC) Part-1

127 5 0
                                    

မည်းမှောင်နေသောအခန်းထဲ ကောင်လေးတစ်ယောက်ရဲ့ စာကြည့်စားပွဲက လင်းထိန်လို့။သန်းခေါင်ယံအချိန်ဖြစ်သည်မို့ စာရွက်ကို ခဲတံဖြင့်ရေးခြစ်နေသည့်အသံက ဆူညံသံအဖြစ် တခန်းလုံးပျံ့လွင့်နေ​၏။ နားထဲတွင် earbudတပ်ကာ လုပ်လက်စအလုပ်ကို အာရုံစိုက်နေတဲ့ကောင်လေးက ပတ်ဝန်းကျင်တခုလုံးကို လျစ်လျူရှုထားပုံပေါ်သည်။ နဖူးပေါ်က ရစ်ဝဲပြီး ကျလာတဲ့ ဆံနွယ်လေးတွေက ညမီးလုံးလေးနှင့်ပေါင်းစပ်ကာ သူ့စာအုပ်ကိုအရိပ်ကျစေတာမို့ ဆံပင်ကိုပင့်တင်ရင်း လက်တဖက်ကို စားပွဲပေါ်ထောက်ထားလိုက်သည်။

Earbudမှတဆင့်ကြားရသည့် သီချင်းစာသားကို နှုတ်ခမ်းလှုပ်ရုံသာ လိုက်ဆိုနေသည့် ကောင်လေးက လက်ကအရှိန်ကို မလျော့သွားစေရန်ထိန်းထားပုံပေါ်သည်။ တချက်ကလေးတောင် မရပ်တန့်သွားတဲ့လက်က ခဲတံကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ စာရွက်ပေါ်ရေးခြစ်နေသည်။ စားပွဲပေါ်က နာရီလက်တံဟာ ဂဏန်းတွေတစ်ခုပြီးတစ်ခုကို ကျော်ဖြတ်သွားသည့်အလျှောက် ထိုကောင်လေးရဲ့ အာရုံစူးစိုက်မှုဟာလဲ ပိုပြီးတိုးလာခဲ့သည်။

"ဟူး......."

ရှည်လျားတဲ့သက်ပြင်းချသံနှင့်အတူ ခဲတံဖြင့် စားပွဲ ထိသည့် အသံကပါ တပြိုင်ထဲထွက်ပေါ်လာခဲ့ပြီးနောက် တင်းထားသမျှအကြောတွေအကုန်လျှော့ချကာ ထိုင်ခုံကိုမှီချလိုက်သည်။

"ပင်ပန်းလိုက်တာ..."

သူ့ရဲ့မျက်မှန်အမည်းလေးကိုချွတ်ကာ စားပွဲပေါ်လှမ်းတင်လိုက်ပြီး မျက်လုံးတွေကို လက်ဖြင့်ပွတ်လိုက်တော့ မျက်ရည်စလေးတွေက သူ့လက်ကိုမသိမသာလာထိသည်။ သူ့ရဲ့ လက်စသတ်ရမည့်ဟာလေးကို အချိန်တော်တော်ကြာအောင် အာရုံစိုက်မိသွားတာမို့ မျက်လုံးတွေလဲအတော်လေးညောင်းနေပြီလေ။

"ဝှါး......"

လက်နှစ်ဖက်ကိုအပေါ်ထိဆန့်ထုတ်ပြီး အပျင်းကြောဆန့်ကာ သန်းဝေလိုက်ပြီးနောက် စားပွဲပေါ်က စာကြည့်မီးကို ပိတ်ကာ သူ့မျက်စောင်းထိုးက ကုတင်ပေါ်သို့တန်းတန်းမတ်မတ်ရောက်သွား​၏။ အရပ်ရှည်ရှည် လူကောင်ခပ်ထွားထွားကောင်လေးဆိုပေမဲ့ ကုတင်ပေါ်က စောင်ပုံထဲမြုပ်နေသည်မှာ ယုန်ကလေးတစ်ကောင်သဖွယ် ချစ်ဖို့ကောင်းနေ​၏။ ဘာပဲဖြစ်ဖြစ် ကုတင်ရဲ့ နူးညံ့မှုကို မတွန်းလှန်နိုင်တဲ့ကောင်လေးကတော့ အချိန်ခဏလေးအတွင်း မှောက်လျက်သား အိပ်ပျော်သွားသည်။ ဒီကောင်လေးနှယ် မနက်ကျရင်တော့ ရင်ဘက်တွေအောင့်မှာမြင်ယောင်သေး......

TXT SHORT STORYWhere stories live. Discover now