"လာကြလာကြ ဒီမှာ အကောင်းဆုံးပုံပြင်တစ်ခုကိုပြောပြမယ်.."
စားသောက်ဆိုင်တစ်ခု၏အလယ်ဗဟိုတွင် ကျွန်းဖြင့်ပြုလုပ်ထားပြီး ကနုတ်များကိုသေသပ်စွာထုလုပ်ထားသောကွပ်ပျစ်သဏ္ဌန်ထိုင်စရာတစ်ခုပေါ်တွင်ထိုင်နေသည့် အသက်ကြီးကြီး အဘိုးအိုအရွယ်လူတစ်ယောက်က သူ့ရဲ့ရှည်လျားနေသော ငွေမှင်ရောင်မုတ်ဆ်ိတ်ရှည်များအား ဆွဲယူပွတ်သပ်လို့ မာန်ပါပါနှင့်အော်ပြောလိုက်လေသည်..
"အဘိုး အဘိုးဒီတစ်ခါပြောမှာကဘာလဲ အရင်ကဟာတွေကြီးအထပ်အထပ်အခါအခါမပြောနဲ့တော့နော် ကျုပ်တို့အလွတ်ရနေပြီဗျ အဘိုးရဲ့အပြောစွမ်းရည်ကိုသဘောကျလို့သာလာနားထောင်တာ.."
ဆိုင်ထဲမှ လူငယ်တစ်ဦးက ရေနွေးကြမ်းသောက်လက်စနှင့်ပင် အော်ပြောလိုက်လေတော့ အဘိုးအိုက ခပ်ဟဟရယ်လိုက်လေသည်..
"ဒီတစ်ခါပုံပြင်ကတော့ မင်းတို့တစ်ခါမှကြားသိဖူးမှာမဟုတ်ဘူး ဒါပေမဲ့ငါတစ်ခါပြောပြီးတာနဲ့ စိတ်ထဲနှလုံးထဲသေသည်ထိစွဲသွားမယ်ဆိုတာကိုတော့ ငါအာမခံတယ်.."
"ကဲ အဲ့လောက်ညွှန်းနေမှတော့ ဆိုစမ်းပါဦး အဲ့ပုံပြင်အကြောင်းလေး.."
"ဟုတ်ပြီလေ သေချာနားထောင်နော်.."
.
.
.
စားသောက်ဆိုင်တစ်ခုတွင် လူအများက စုဝေးကာငြိမ်သက်နေကြသည်.. သူတို့၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြင်းထန်နေသည်ကို ကြည့်ရုံဖြင့်ပင်သိနိုင်သည်..ထိုကဲ့သို့သော လူအုပ်ကြီးကိုဖြစ်စေသည်မှာ လူအုပ်ကြီး၏အလယ်တွင် နေရာအကျအနယူကာ အရှေ့တွင်ချထားပေးထားသော ဆိုင်၏အဓိကနှင့်အကောင်းဆုံးဟင်းပွဲအား မြည်းစမ်းနေသောအမျိုးသားကြောင့်ပင်..
ထိုအမျိုးသား၏လှုပ်ရှားမှုမှန်သမျှကို လူအများကအသက်ရှူရန်ပင်မေ့လျှော့သည်အထိ သတိကြီးကြီးဖြင့်စောင့်ကြည့်နေကြသည်..
ထိုအမျိုးသား၏ ထူထဲလှသော မျက်ခုံးတို့ဟာ တွန့်ခေါက်ချိုး၍ ဟင်းပွဲ၏အပြင်အဆင်ကိုကြည့်ရှူနေလေသည်..
ဟင်းပွဲမှာ ငါးတစ်ကောင်လုံးကိုမွှန်းရာများပေးထားကာကြော်ထားပြီး ဘေးပတ်ပတ်လည်တွင် မုန်လာဥနီ ပန်းဂေါ်ဖိီ ပဲပုဇွန် နာနတ်သီးစသည့်အသီးအနှံများစွာဖြင့် အလှဆင်ထားလေသည်..ပြောင်းဖူးမှုန့်နှင့်လိမ္မော်သီးမှအထူးပြုလုပ်ထားသည့်ချိုချဉ်အရည်ကိုအပူပေးကာပေါင်းစပ်၍ ငါးအပေါ်မှလောင်းထည့်ထားသည်မို့ အငွေ့တထောင်းထောင်းထွက်သည့်အပြင် အနံ့မှာရှူရှိုက်မိသူတိုင်း စားချင်စိတ်ဖြစ်စေသည်..
YOU ARE READING
When we belong each other
Ficción históricaဖြူလွှလွှပုံရိပ်လေးရဲ့ သွေးနီရောင်အစွန်းအစများ ငါကိုယ်တော်၏သွေးများနှင့်သာ ရောယှက်ပါစေသား..