အပိုင်း(၁၈){Unicode+Zawgyi}

1.5K 67 0
                                    


ဂျူလိုင်လရဲ့မိုးက ဖွဲဖွဲလေးသာကျနေ၏။
လေပြေညင်းလေးကလဲ အရှေ့မှတောင်၊အနောက်မှမြောက် အရပ်မျက်နှာအသီးသီးမှ ဝှေ့ဝှေ့တိုက်နေကြသည်။

ကျောင်းဝန်းတစ်ဝန်းလုံးလဲ မိုးဖွဲလေးများနဲ့အတူ မှိုင်းညှို့နေ၏။ဆွေးမြေ့စရာကောင်းလှတဲ့ရာသီဥတုဟာ ကျွန်တော့်ရင်ထဲက လစ်ဟာမှုကြီးတစ်ရပ်ကို ဘာနဲ့မှဖြည့်လို့မပြည့်နိုင်အောင် ပို၍လစ်ဟာလာစေတဲ့အခါ နေ့စားကျောင်းနားချိန် ကျွန်တော် စာကြည့်တိုက်ဆီသို့ကူးလာခဲ့သည်။

ဒီပ့အနားမရှိတဲ့ကာလတွေကို တစ်ယောက်တည်းဖြတ်သန်းရပေါင်းများလာတော့ ပတ်ဝန်းကျင်နဲ့သဘာဝတရားကြီးအပေါ်မှာ အာရုံစိုက်မှုနည်းလာတဲ့ ကျွန်တော့်အတွက် ဒဂုံ ထ(၁)ကျောင်းမှာလဲ ကျွန်တော်စိတ်ဝင်တစား အာရုံစိုက်စရာဟူ၍ စာကြည့်တိုက်တစ်ခုသာရှိ၏။

စာအုပ်တွေကိုဖတ်နေရရင် ထမင်းမေ့ဟင်းမေ့ မေ့နေတတ်တဲ့ ကျွန်တော့်ဝါသနာကို ငယ်စဉ်ကတည်းက ဖေဖေနဲ့ကိုကို ရိုက်သွင်းပေးခဲ့တာကိုဘဲ ကျေးဇူးတင်ရမလို။သည်လို ကျွန်တော်နဲ့ဘာမျှမအပ်စပ်တဲ့ ရန်ကုန်ကျောင်းမှာ ကျောင်းစာကြည့်တိုက်ကြီးကတော့ ကျွန်တော့်နဲ့အပ်စပ်တဲ့တစ်ခုတည်းသောအရာ။

စာကြည့်တိုက်ထဲ ကျွန်တော်ဝင်တော့ ခေါင်းလေးတွေငုံ့ကာ စာဖတ်နေကြတဲ့ ကျောင်းသားတစ်ချို့ရှိသလို၊ စာအုပ်တစ်အုပ်ကိုစားပွဲရှေ့ချ တိတ်တဆိတ်ပြတင်းပေါက်တွေဆီငေးမောနေတဲ့ ကျောင်းသားတစ်ချို့လဲရှိ၏။

ကျွန်တော်က ခြေကိုဖွဖွနင်းလျှောက်ကာ စာအုပ်တန်းကြီးဆီသွားပြီး တွေ့ရာစာအုပ်တစ်အုပ်ကိုဆွဲထုတ်ယူခဲ့၏။ကြည့်တော့ စာအုပ်က ဇာတ်ကြီးဆယ်ဘွဲ့ထဲက ဇနီးမယား၊သမီးသားကို ရဲရဲဝံ့ဝံ့ပေးလှူခဲ့တဲ့ ဝေဿန္တရာမင်းကြီးရဲ့ဇာတ်ကိုရေးဖွဲ့ထားတဲ့စာအုပ်။အလွမ်းသမားနဲ့နိဗ္ဗာန်ရောက်ကြောင်းတရားပြစာအုပ်နဲ့တော့ ထိပ်တိုက်တွေ့ချေပြီ။

ဒီပ့ဓာတ်ပုံလေးကိုဘေးချ၊လက်တစ်ဖက်က အင်္ကျီအောက်ထည့်ဝတ်ထားတဲ့ဆွဲကြိုးလေးကို အပြင်ထုတ်ယူကိုင်ထားရင်း စာအုပ်ကိုထိုင်ဖတ်နေတော့ လေတစ်ချက်အဝှေ့မှာ နှာခေါင်းထဲကိုတိုးဝင်လာတဲ့ သင်းပျံ့တဲ့ရနံ့။

ဒီပရဲ့အတ္ထုပ္ပတ္တိ  {Ongoing}Where stories live. Discover now