အပိုင်း(၃၈){Unicode+Zawgyi}

1.2K 70 3
                                    

ညစာစားပွဲပြီးတော့ ကိုသူရညီညီထွဠ်နဲ့ကိုကျော်ဇင်ထွေး'ကမှောက်နေပြီ။မမှောက်သေးတဲ့မခင်လေးဆွေနဲ့ကိုမြတ်ထွန်း'က မီးဖိုခန်းမှာ ပန်းကန်များကိုဆေးကြောနေတော့ အပြင်ဘက်တလင်းပြင်ရှိ စားပွဲနဲ့ခုံများကို ကိုအောင်မြင့်မြတ်နဲ့ကျွန်တော်က အတူသိမ်းသည်။

အားလုံးပြီးစီးတော့ ညကား သန်းခေါင်ချိန်ကိုပင်ကျော်လွန်နေပြီမို့ ကိုအောင်မြင့်မြတ်'ကိုနှုတ်ဆက်ထားခဲ့ကာ ကျန်ရှိနေသေးတဲ့မခင်လေးဆွေနဲ့ကိုမြတ်ထွန်း'ကိုနှုတ်ဆက်ဖို့ မီးဖိုခန်းဘက်သို့ ကျွန်တော်ကူးခဲ့သည်။

မီးဖိုခန်းရောက်တော့ ကိုမြတ်ထွန်းနဲ့မခင်လေးဆွေ'က ဘေစင်မှာဘေးချင်းယှဉ်ရပ်နေကာ ပန်းကန်များကိုအတူဆေးနေကြသည်။

"ကိုမြတ်ထွန်း"

"ပြီးတော့ စောစောကစကားတွေအတွက် ငါ့ကိုစိတ်မဆိုးနဲ့နော် မြတ်ထွန်းဦး"

"ငါဘယ်တုန်းကများ နင်တို့ကိုစိတ်ဆိုးဖူးလို့လဲ"

ကျွန်တော့်အသံကိုကြားဟန်မတူ။ပန်းကန်ဆေးနေရင်းမှ ပြောလက်စဖြစ်နေပုံရတဲ့စကားကို မခင်လေးဆွေကရုတ်တရက်ကောက်ဆက်လိုက်တော့ သူတို့နှစ်ယောက်ရဲ့ကျောပြင်ကိုငေးရင်း ကျွန်တော်အသာငြိမ်ရပ်နေရသည်။

"ဒါဖြင့်လဲ ပြောလက်စနဲ့ငါပြောအုံးမယ်"

"ပြောပါ ဆရာမကြီး ပြောပါ! ကျွန်တော်မျိုး နားထောင်နေပါတယ်"

"ဟင်း.."

သက်ပြင်းတိုကိုချလိုက်တဲ့ မခင်လေးဆွေ'က ဘေးကကိုမြတ်ထွန်း'ကိုစောင်းငဲ့၍မော့ကြည့်တော့ ဒါကို မသိကျိုးကျွန်ပြုထားပုံရတဲ့ကိုမြတ်ထွန်း'ကပန်းကန်ဆေးမပျက်။

"နင် ဒီတိုင်းဘဲ တစ်သက်လုံးနေသွားတော့မှာလား"

"....."

"ဆေးရော မကုတော့ဘူးလား"

"....."

"ပါရဂူဘွဲ့ရော နင်ဆက်မတတ်တော့ဘူးလား"

ကိုမြတ်ထွန်း'ကမဖြေ။မခင်လေးဆွေ'စကားများကို အမြဲကြားနေကျလို အရေးမကြီးသည့်နှယ် ပန်းကန်များကိုသာဆေးမြဲဆေးနေတော့ ကိုမြတ်ထွန်း'ကိုမော့ကြည့်နေတဲ့မခင်လေးဆွေ'က စိတ်ပျက်သွားသည့်ဟန်ဖြင့် သက်ပြင်းကိုချပြန်သည်။

ဒီပရဲ့အတ္ထုပ္ပတ္တိ  {Ongoing}Where stories live. Discover now