အပိုင်း(၃၇){Unicode+Zawgyi}

1.3K 76 4
                                    

လပြည့်ရက်ကိုကျော်လွန်ပြီးသော တစ်ရက်နေ့ရဲ့လဟာ ကောင်းကင်ထက်မှာပြည့်ပြည့်ဝဝသာနေတော့ ကိုမြတ်ထွန်း'ခြံရဲ့မြက်ခင်းများနဲ့စိမ်းစိုနေသည့်တလင်းပြင်ဟာ ငွေရောင်ဖြာလဲ့နေသည်။

ထိုလရောင်ဖြာကျနေသည့်တလင်းပြင်ပေါ်တွင် စားပွဲနှစ်ချပ်ပူးကပ်ကာ ခုံများကိုအစီအရီချထားပြီး စားသောက်ဖွယ်ရာများကိုစုံစုံလင်လင်ခင်းကျင်းပြင်ဆင်ထား၏။

စားပွဲ၏ဘေးတစ်ဖက်ဆီမှာက ကိုသူရညီညီထွဠ်နဲ့ကိုကျော်ဇင်ထွေး'ကတစ်တွဲထိုင်ပြီး၊တစ်ဖက်တွင် ကိုအောင်မြင့်မြတ်'ကတစ်ယောက်ထဲထိုင်သည်။သူ့ဘေးကခုံတွင် ဂီတာထည့်လွယ်သည့်အိတ်အနက်ကြီးကိုတင်ထား၏။

ကျွန်တော်နဲ့ကိုမြတ်ထွန်း'ထိုင်နေသည့်မျက်နှာချင်းဆိုင် စားပွဲရဲ့ဟိုဘက်ထိပ်မှာတော့ မခင်လေးဆွေ'ကလွတ်နေတဲ့ခုံလေးနဲ့တစ်တွဲထိုင်နေသည်။သူမ'၏မျက်နှာလေးမှာ ထိခိုက်မှုတစ်စုံတစ်ရာမရှိတော့ဘဲ နဂိုမူလအတိုင်း တက်ကြွရွှင်မြူးနေပြီး ဘေးကကိုသူရညီညီထွဠ်'တို့နှစ်ယောက်နဲ့ဝိုင်ကိုသောက်ရင်း စကားပြောရယ်မောနေသည်။မကြာမကြာလဲ သူမနဲ့မျက်နှာချင်းဆိုင်က ကိုမြတ်ထွန်း'နဲ့ကျွန်တော့်ကို လှမ်းလှမ်းနောက်သေး၏။ရေခဲတုံးသမျှအနေအေးဆေးသူ ကိုအောင်မြင့်မြတ်'ကတော့ သူ့ပေါင်ပေါ်တွင်တင်ထားသည့်ဂီတာကိုသာ အထူးအာရုံစိုက်၍ကြိုးညှိနေသည်။မကြာမကြာမှသာ စကားဝိုင်းထဲကိုဝင်ပါ၏။

ကိုယ်စီကိုယ့်ကိစ္စနဲ့ကိုယ် ပြောလိုက်ဆိုလိုက်စားလိုက်သောက်လိုက်နဲ့ရယ်မောပျော်ရွှင်နေကြသည့်တိုင်အောင် တစ်ဖက်ခြံမှလူတစ်ယောက်ကူးအလာကိုစောင့်ဆိုင်းနေမိသည့် ကျွန်တော်တစ်ယောက်သာလျှင် သူတို့ကြားမှာအောင့်သက်သက်ပြုံးရင်းစိတ်မကြည်မလင်ဖြစ်နေရသည်။

ကျိန်းသေလာပါ့မယ်လို့နှုတ်ကပြောခဲ့တာမဟုတ်ပေမဲ့လို့ သူလာမယ်ဆိုတဲ့သဘောနဲ့ ကိုမြတ်ထွန်း'ကိုခေါင်းညိတ်ပြခဲ့တာဘဲမဟုတ်လား။

ကံဆိုးစွာနဲ့ခြံဝင်ပေါက်ကိုမှ ကျောပေးထိုင်နေမိတဲ့အခါ မနေသာတဲ့စိတ်က နောက်ကိုခဏခဏခေါင်းလည်ကြည့်နေရသည်။

ဒီပရဲ့အတ္ထုပ္ပတ္တိ  {Ongoing}Where stories live. Discover now