အပိုင်း(၃၂){Unicode+Zawgyi}

1.2K 81 8
                                    

တမာပင်အောက်တစ်နေကုန်ထိုင်ဖို့စိတ်ကူးနဲ့ထွက်လာခဲ့ပေမဲ့ တမာပင်နဲ့မလှမ်းမကမ်းရောက်တော့ လူတစ်ယောက်က ကျွန်တော့်ထက်ဦးအောင်နေရာယူနေသည်။

မတတ်နိုင်စွာ လှည့်ပြန်ဖို့စိတ်ကူးပေမဲ့ ကျွန်တော့်ခြေထောက်တွေက ကျွန်တော့်အလိုကိုမလိုက်တော့ ကျွန်တော့်ကိုကျောပေးရပ်နေတဲ့လူကိုသာ ငေးကြည့်နေမိ၏။

ခပ်ငယ်ငယ်သာရှိသေးတဲ့လူရွယ်က သူ၏ဘောင်းဘီအိတ်ကပ်ထဲကိုလက်နှစ်ဖက်ထည့်ထားကာ ကျောင်းရှိရာဘက်ကို သတိမဲ့စွာငေးမောနေသည်။
ထိုယောက်ျားရဲ့ကိုယ်ပေါ်က အဖြူရောင်ရှပ်အင်္ကျီလေးဟာလဲ တိုးသဲ့သဲ့တိုက်နေတဲ့လေနဲ့အတူ လှုပ်ရှားနေ၏။

ရှည်သွယ်တဲ့အရပ်နဲ့သူ၏ကျောကိုဆန့်ထားကာ တောင့်တင်းစွာမတ်တတ်ရပ်နေပုံက ယောကျာ်းပီသခန့်ညားနေသလို အဖြူရောင်ရှပ်အင်္ကျီအောက်က ထိုယောကျ်ားရဲ့ကျောပြင်ဟာ ကျယ်သည်။တုတ်ခိုင်ပြီး သန်မာပုံလဲပေါက်သည်။သည့်အပြင် လက်မောင်းကြွက်သားများကပါ သူ၏အင်္ကျီကိုဖောက်ထွက်လုမတတ် ဖောင်းကြွတုတ်ခိုင်နေကြ၏။

သို့ပေမဲ့ ဘာလို့လဲ..ဘာလို့ထိုယောကျ်ားရဲ့ရပ်ဝန်းတွေကနွမ်းလျနေတာလဲ။ဘာလို့ နောက်ကျောဘက်ကကြည့်တာတောင် အထီးကျန်တဲ့ပုံပေါက်နေတာလဲ။ဘာလို့ ငေးမောနေတဲ့ပုံစံက ဆွေးဆွေးမြေ့မြေ့နိုင်နေတာလဲ။

မျက်စိရှေ့က ကြံ့ခိုင်သန်မာတဲ့ကြွက်သားများနဲ့ဖွံ့စည်းထားတဲ့ ထိုယောကျ်ား၏ခန္ဓာကိုယ်သည် ခန့်ညားတည်ကြည်နေသော်ငြား သူ၏ပင်ပန်းနွမ်းနယ်မှုတွေက ကျောပြင်ပေါ်မှာအထင်းသားပေါ်လွင်နေသလို။နွမ်းသည်။သိပ်ကိုနွမ်းနေသည်။
ခပ်လှမ်းလှမ်းကနေကြည့်တာတောင် သူ့ကျောပြင်ကျယ်ဟာ သိပ်ကိုပင်ပန်းနွမ်းလျတဲ့ပုံပေါက်နေသည်။

သတိလက်လွတ် ထိုယောကျ်ားရဲ့ကျောပြင်ကို ငေးကြည့်နေရင်း တစ်ခဏမှာဘဲ သူက ဖုန်းကိုနားမှာကပ်လိုက်ရင်း ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ဘက်ကိုလှည့်လျှောက်လာသည်။

ထိုအခိုက် အဲ့ဒီလှည့်လိုက်တဲ့တစ်ခဏလေးမှာဘဲ ဆုံမိသွားတဲ့ သူ့မျက်ဝန်းတွေ။
တကယ့်ကိုခဏလေးပါဘဲ။တစ်စက္ကန့်တောင်မပြည့်လိုက်ခင်မှာဘဲ အဲ့ဒီမျက်ဝန်းတွေကနေ လွှဲဖယ်ခံလိုက်ရတဲ့ကျွန်တော့်မျက်လုံးတွေ။
လမ်းမှာအမှတ်မထင်ဆုံမိတဲ့သူစိမ်းတစ်ယောက်ကို အမှတ်မထင်ကြည့်မိတဲ့အကြည့်မျိုးနဲ့ခဏသာကြည့်ပြီး ကျွန်တော့်မျက်လုံးတွေကို ထိုယောကျ်ားကဦးအောင်ရှောင်ဖယ်ပစ်သည်။

ဒီပရဲ့အတ္ထုပ္ပတ္တိ  {Ongoing}Where stories live. Discover now