Part 1
"လင်္ကာဒီပ .....လင်္ကာဒီပ"
မျက်နှာဟူ၍ပင် မမြင်လိုက်ရသည့် ကျွန်တော်၏ အမေ ကင်ပွန်းတပ်ပေးခဲ့ရှာသော အမည်။
"လင်္ကာဒီပ" ဟူ၍ ခေါ်သူများကို "ဗျာ" ပြန်ထူးလိုက်သည်နှင့် သူတို့က စရယ်ကြတော့သည်။ရိုးရိုးရယ်ကြသည်မဟုတ်၊ဝမ်းဗိုက်ကိုဖိကာဖိကာဖြင့် သူတို့ သရော်ရယ်ကြသည်။
လှမ်းလက်စခြေအစုံကို ခေတ္တရပ်လိုက်ကာ....
"လင်္ကာဒီပ...လင်္ကာဒီပ"
ကျွန်တော်ကိုယ်တိုင်ပင် တိုးဖွဖွရေရွတ်မိလိုက်သည်။ခေါ်လို့တော့ ကောင်းလိုက်ပါဘိ။
ပီးနောက် ကျွန်တော်၏ခေါင်းကိုအောက်ငုံ့ကြည့်လိုက်သည်။ဦးစွာမြင်လိုက်ရသည်က သဲကြိုးတို့ စုတ်ဖွာနေပီဖြစ်တဲ့ နောက်ပါးဖိနပ်တစ်ရံပေါ် ကျကျနန လျှိုဝင်ထားသည့်ခြေအစုံ။ဖုန်အလိမ်းလိမ်း၊ဂျီးအလိမ်းလိမ်းဖြင့် မဲနက်မွဲရောင်းပေတေနေတဲ့ဤခြေအစုံသည် ရှူချင်စရာဟူ၍ တစ်နေရာမျှမရှိ။မရှိ၍ နေရာရွေ့ကြည့်လိုက်ပြန်တော့လဲ ဘောင်းဘီတိုအောက်ကမြင်နေရသည့် ခြေသလုံးတို့သည် သစ်ကိုင်းခြောက်အိုကြီးကဲ့သို့ အက်ကွဲထော်လန်နေကြသည်။ဒါ့ထက် တစ်နေ့ကိုမှန်တစ်ခါမျှ မကြည့်မိသည့်ကျွန်တော်၏မျက်နှာသည်ပင် မည်သို့ရှိချေမည်နည်း။နာမည်နှင့်လိုက်အောင် ခမ်းနားပါ၏၊တင့်တယ်ပါ၏လော။
အင်းလေ....နာမည်နဲ့လူ တွဲမြင်လိုက်တာနဲ့တစ်ပြိုင်နက် လှောင်ရယ်ကြတယ်ဆိုမှတော့ ဤမျက်နှာသည်လဲ အသရေမင်္ဂလာဟူ၍ ရှိမည်မထင်။လှောင်လို့က လှောင်ပါစေတော့။အမှန်သည်လဲ ကျွန်တော်၏နာမည်မှာ ကြီးကျယ်ခမ်းနားလှသည်ဟု ဆိုရငြားသော်လဲ လူကမျက်နှာမွဲ၊ဆွေမရှိမျိုးမရှိနှင့် မျက်နှာမွဲ။လူမှန်းမသိခင်ကတည်းက မိဘမဲ့၊လူမှန်းသိသည့်အရွယ်ရောက်ပြန်တော့လဲ တစ်ကောင်ကြွက်။ဤကဲ့သို့ ရုပ်ရည်ရူပကာ ချူချာရုံမက အသိုင်းအဝိုင်းချူချာလှသည့် ကျွန်တော်သည်....
အို...သန်းခေါင်ထက် ဘယ်ဟာက ပိုညနက်နိုင်ပါမည်နည်း။ဒါတွေကို ဘာလို့ ဂရုစိုက်ရမည်နည်း။
"လင်္ကာဒီပ" ဆိုသည့် ကျွန်တော့်တွင် အမြဲ လက်ကိုင်ထားသည့် ဆောင်ပုဒ်တစ်ခုရှိသည်ကို မမေ့သင့်။ထိုဆောင်ပုဒ်ကိုသာ ကျွန်တော် ဝမ်းတွင်းကြိတ်ရေရွတ်လိုက်သည်။
ဤသို့ ကျွန်တော်နှုတ်တိုက်ဆောင်ထားသည့်ဆောင်ပုဒ်သည် ကျွန်တော့်ရင်ကို တစ်မျိုးတစ်မည်လှုပ်နှိုးလာသည်။အားမာန်တို့သည်လဲ တစ်ဟုန်ထိုး ကျွန်တော့်ကိုယ်တွင်း ဝင်လာကြ၏။
YOU ARE READING
ဒီပရဲ့အတ္ထုပ္ပတ္တိ {Ongoing}
Storie d'amoreကျိန်းသေတာက မနေ့ညက ဒီပ့ ကျွန်တော့်အိမ်ရှေ့ကိုရောက်ခဲ့တယ်။ကျွန်တော့်ကိုလဲအော်ခေါ်ခဲ့သေးတယ်။ဒါကို ကျွန်တော်က အိမ်မက်လို့ထင်ခဲ့တယ်။ ကျွန်တော့်အမှား...အားလုံး ကျွန်တော့်အမှား..အပိုင်တစ်ကွက်နဲ့ ကိုကို့ကိုအနိုင်ပြန်တိုက်နိုင်ပြီစိတ်အမှတ်နဲ့ ညကအအိပ်မက်ခဲ့မ...