Unicode
"သခင့်ဝိုင် ကိုယ့် wallet နဲ့ဖုန်း ယူပြီး ကားပေါ်တက်တော့"
"ဟုတ်ကဲ့ဗျ"
နှစ်ဝက်စာမေးပွဲ ပြီးသည့်နောက် ကျောင်းမှ သီတင်းကျွတ်ကျောင်းပိတ်ရက်(၁၀) ရက်ရသည်။ (၅)ရက်ကိုကျူရှင်ဝိုင်းပါ ပိတ်သည့်အတွက် မင်းဆက် ခရီးလိုက်ပို့ပေးဖို့ စီစဉ်ခဲ့သည်။ ပြင်ဦးလွင်သို့ (၃)ညအိပ်လေးရက် သွားကြမည်။ လေယာဉ်နဲ့သွားလျှင် မပင်ပန်းဘဲ ပိုမြန်မြန်ရောက်သော်လည်း သခင့်ဝိုင်က ကားလမ်းတစ်လျှောက် သီချင်းနားထောင်ရင်း လမ်းမြင်ကွင်းကြည့်ချင်သည်ဟုဆိုသောကြောင့် ကားနှင့်သွားကြဖို့ ဆုံးဖြတ်ခဲ့သည်။
ခရီးတွင် စိုင်းကာရန်နှင့် အတွင်းရေးမှူးခွန်းချိုတို့လဲ လိုက်ပါကြသည်။ စစ်သွေးနှင့်အတူ သက်တော်စောင့် (၂)ယောက်ကတော့ နောက်ထပ် ကားတစ်စီးဖြင့်လိုက်ပါလာသည်။
စိုင်းကာရန်က ကားမောင်းပြီး ခွန်းချိုကဘေးတွင်ထိုင်သည်။ မင်းဆက်နှင့် သခင့်ဝိုင်ကတော့ ကားနောက်ခန်းတွင်နေရာယူလိုက်သည်။ သခင့်ဝိုင်လေးကသိပ်ကိုပျော်နေပါသည်။ မင်းဆက်ဆီရောက်လာတည်းက ဒီခြံကြီးထဲမှာပဲ နေထိုင်ခဲ့ရသည်မို့ ယခုခရီးသည် သူ့အတွက်ပထမဆုံးခရီးပင်။
"AirPods နဲ့ပဲ တစ်ချိန်လုံးနားမထောင်နဲ့ ကားကနေလဲဖွင့်"
"ဟုတ်ကဲ့ဗျ သခင်ကော နားထောင်ဦးမလား"
သခင်က ဘာမျှမပြောဘဲ သူ၏ကိုယ်ကိုအနည်းငယ်ကိုင်းကာ နားတစ်ဖက်ကို ကျွန်တော့်ဘက်ကပ်ပေးသည်။ ကျွန်တော့်လက်ထဲမှ နားကြပ်တစ်ဖက်ကို သခင့်နားတွင်တပ်ပေးလိုက်သည်။ ကျွန်တော့်လက်တွေ အေးစက်ပြီး အနည်းငယ်တုန်နေသည်ကို သခင်သတိထားမိသွားသလားတော့ မသိ။
"သီချင်းဖွင့်လေ"
ဆယ်တန်းဖြစ်နေသည့်အတွက် သခင်ကကျောင်းဖွင့်ရက်များကို ဖုန်းကိုသိမ်းထားခဲ့သည်။ ယခုတော့ ခရီးသွားမည်ဖြစ်သောကြောင့် သခင်က ပြန်ပေးထားသည်။ Spotify ထဲဝင်ပြီး Conan Gray ရဲ့ Heather ကိုရွေးလိုက်သည်။
နားကြပ်တစ်ဖက်တပ်ပြီး သခင့်ဝိုင်က ကားမှန်အပြင်ဘက် လမ်းမြင်ကွင်းတွေကို ငေးကြည့်နေလေသည်။ ထိုကောင်လေး၏ ခေါင်းဖြူလေးအား တစ်ဖန်ပြန်ငေးကြည့်နေသော ဦးမင်းဆက်သခင်လဲရှိနေလေသည်။
![](https://img.wattpad.com/cover/304608257-288-k915082.jpg)