နံနက်စာ စားပြီးနောက် ရိပေါ်က အိမ်ပေါ်တက်လာကာ အလုပ်အိတ်နှင့်ကားသော့ လာယူတော့ သေချာမပိတ်ရသေးတာမို့ အနည်းငယ် ခပ်ဟဟ ဖွင့်ထားသည့် တံခါးကြောင့် အထဲမှ ရှောင်းကျန့် ဖုန်းပြောနေသမျှကို အတိုင်းသား ကြားနေရသည်။ ရှောင်းကျန့်က ဘေးလွယ် အိတ်အနက်ထဲ သင်ထောက်ကူ ပစ္စည်းတွေ ထည့်နေရင်း ဖုန်းကို လက်တစ်ဖက်က ကိုင်ကာ ပြောနေသည်။
အစက တံခါးကို တွန်းဖွင့်ပြီး ဝင်သွားဖို့ပေမယ့် ကိုယ့်အကြောင်းပါ ပါလာတာမို့ ရိပေါ်လည်း မရည်ရွယ်ဘဲ မတ်တပ်ရပ် နားထောင်နေလိုက်သည်။ ဖုန်းတစ်ဖက်က အသံတိုးတိုးကိုလည်း အနည်းငယ် ကြားရသည်။
" ကောထဲမှာ မရှိဘူးမိန်မေ့ရဲ့။ ကော ရှိတာတွေ အကုန် ဒေါ်လေးကို ပေးပြီးသားလေ။ အလုပ်ကရတာတွေလည်း သုံးပုံ၊နှစ်ပုံ ဒေါ်လေးဆီပဲ ပို့နေတဲ့ဟာ။ "
ရှောင်းကျန့်က စိတ်ရှူပ်စွာ ပြောလိုက်တော့ တစ်ဖက်က ခနဲ့စွာရယ်ပြီးမှ ထပ်ပြောသည်။'ငါက အစ်ကို့ရဲ့ မဖြစ်စလောက် လခကို တောင်းနေတာ မဟုတ်ဘူး။စိတ်လည်း မဝင်စားဘူး။ ငွေပုံကြီးကို ဖင်ခုထိုင်ထားပြီး မရှိဘူး ငြင်းမနေနဲ့။ အစ်ကို့မှာ မရှိလည်း မြို့တော်ဝန်ဆီမှာ ရှိမှာပေါ့။ ညီမပြောတဲ့ ပမာဏက သူတို့အတွက် ပမွှားပါ။ တင်တောင်းတုန်းက ရွှေထည်တွေ၊ ကျောက်တွေ နည်းတာမှ မဟုတ်တာ။ နည်းနည်းလောက် အလိမ္မာ သုံးပြီး ပြောလိုက်ရင် ထုတ်ပေးမှာပဲ။ '
ရှောင်းကျန့်က ဘောပင်အိတ်လေးကို အိတ်အနက်ထဲ အားဖြင့် ထိုးထည့်ပြီးမှ ပြောသည်။
" သူများပိုင်ဆိုင်မှုလေ။ လက်ဖြန့်မတောင်းချင်ဘူး။ တောင်းလဲ မတောင်းရဲဘူး။ အခု မြို့တော်ဝန်တို့ တစ်အိမ်လုံးက ငါ့မိသားစု ဖြစ်နေပြီမို့ ကိုယ့်မိသားစုအပေါ် အမြတ်မထုတ်ချင်ဘူး။ အမည်ခံပဲ လက်ထပ်ထားထား သူတို့ အပေါ် ရိုးသားချင်တယ်။ "
' အပိုတွေ ... အခုတောင်းခိုင်းတာ ဘယ်လောက်များနေလို့လဲ။ နှိုက်သုံးတောင် ရနေတဲ့ ပမာဏလေ။ နင် မကူညီရင် ဒီဘက်မှာ ငါက ဒုက္ခရောက်တော့မှာ။ အမေနဲ့ပဲ ဆက်ပြောတော့။ "