ဧည့်ခန်းမှာထိုင်ရင်း ဝမ်ကျိုးရင်၏ လက်သည်းတွေကို ညီညာအောင် ရှောင်းကျန့် ညှပ်ပေးနေလိုက်သည်။ ဒီအိမ်အကျယ်ကြီးထဲမှာ ရှောင်းကျန့်နှင့် ရိပေါ်၏ မိခင်သာ ရှိသည်။
" သား ဒီနေ့တစ်ရက်ပဲ ပင်ပန်းမှာပါ။ မနက်ဖြန် အမေ့ အမျိုးထဲက ကောင်မလေး အိမ်အလုပ်လုပ်ဖို့ ပြန်လာမှာ။ ပြီးခဲ့တဲ့ရက်ကမှ ကိစ္စရှိလို့ ပြန်သွားတာ။ "
ရှောင်းကျန့်က ပြုံးရင်း ခေါင်းရမ်းပြသည်။
" မဟုတ်တာ ... ပင်ပန်းတယ်လို့ မထင်ပါဘူး။ အမေကလည်း ကျွန်တော့်အမေပါပဲ။ စောင့်ရှောက်ရတာ မပင်ပန်းပါဘူး။ ပျော်တောင် ပျော်သေးတယ်။ "
" ကောင်းပါပြီရှင် ... ဒီနေ့ သား ဘာစားချင်လဲ။ အမေချက်ကျွေးမယ်လေ။ "
ရှောင်းကျန့် မရရှိခဲ့ဖူးသော မေတ္တာတွေပါ ရခဲ့ရသည်မို့ ရှောင်းကျန့်အတွက် ဒီမိသားစုက ဘုရားပေးတဲ့ ဆုလာဘ်ပင်။ ရှောင်းကျန့်က စဥ်းစားလိုက်ပြီးမှ ပြော၏။
" အိမ်မှာ အမေချက်ကျွေးဖူးတဲ့ သက်ရှည်ခေါက်ဆွဲ ဆိုရင်ရော ... မွေးနေ့ပြီးသွားပေမယ့် စားချင်သေးလို့။ "
" အင်း အဲဒါလေး အမေချက်ကျွေးမယ်။ "
နှစ်ယောက် စကားကောင်းနေတုန်း ဧည့်ခန်းမှ ကြိုးဖုန်းက အသံမြည်လာသည်။ ရိပေါ်က ကြိုးဖုန်းကိုပဲ ဆက်တတ်သည်မို့ ရှောင်းကျန့်မှာ ချက်ချင်းပင် ဖုန်းအနား အပြေးသွားသည်။ စိတ်လောစွာဖြင့် ဖုန်းကို ကိုင်လိုက်တော့ တစ်ဖက်မှ မရင်းနှီးသော အသံတစ်ခု ထွက်လာသည်။
' ××× စားသောက်ဆိုင်ကပါ ခင်ဗျာ။မှာထားတဲ့ မနက်စာ လာပို့ပေးတာပါ။ ခြံပြင်ရောက်နေပြီမို့ ထွက်ယူလို့ရပါပြီခင်ဗျ။ '
ရှောင်းကျန့်မှာ ချက်ချင်းပင် မျက်နှာလေး ညှိုးကျသွားပြီး ခပ်တိုးတိုးပြော၏။
' ဟုတ်ကဲ့ ... အခုထွက်ခဲ့ပါပြီ။ '
ဖုန်းကို နေရာတကျ ပြန်ချပြီး နံနက်စာ သွားယူရ၏။ မှာထားသည်များကတော့ အစုံပင်။ ရှောင်းကျန့်က ထမင်းစားမှာ ရိပေါ်မိခင်နှင့်အတူ ပန်းကန်တွေထဲ ထည့်ကာ ပြင်ဆင်သည်။