Limitedဖြစ်သော ကားလေးက လမ်းမကျယ်ကြီးမှတစ်ဆင့် One Wayလမ်းသို့ ဦးတည်လာသည်။ ကားတစ်ခုလုံးမှာ တိတ်ဆိတ်နေကာ ချိုမြမြလေထုကို ခံစားလို့ရသည်။ကားအနောက်ခန်းမှာ ထိုင်နေသည့် ဝမ်ရိပေါ်မှာ ကားကို မြန်မြန်မောင်းဖို့ အမိန့်မပေးသည်မို့ ယွမ်မင်က ပုံမှန်အရှိန်လောက်ဖြင့်သာ မောင်းလိုက်၏။
" ငါတစ်ခုခု ဝယ်သွားသင့်တယ် ထင်တယ်။ ဘာဝယ်သွားရမလဲ မသိဘူး။ ကျန့်ကောကို ပေးချင်တာတွေ အရမ်းများနေတော့ စဥ်းစားမထွက်တော့ဘူး။ "
ကားမှန်ကို ချထားကာ ရိပေါ်က တံတောင်တစ်ဖက် တင်ထားရင်း စဥ်းစားနေ၏။ အတွေးနက်နေသော်ငြား မျက်နှာမှာတော့ ပြုံးရိပ်သန်းနေ၏။
" ငါစဥ်းစားလို့ရပြီ။ ကားပြန်ကွေ့လိုက်။ အရင်ဆုံး ပန်းဆိုင်သွားရမယ်။ နှင်းဆီအနီလေးတွေက ငါ့အကြိုက်ပေမယ့် ကျန့်ကောလို အရောင်ကင်းတဲ့သူအတွက် ဖြူစင်တဲ့အဓိပ္ပါယ် အဖြူလေးတွေ ဝယ်သွားရမယ်။ "
" ကောင်းပါပြီ ဆရာ "
ယွမ်မင်က ရိပေါ်က နောက်ကြည့်မှန်မှ တဆင့်ကြည့်ပြီး ကိုယ်တိုင်ပါ လိုက်ပြုံးလိုက်၏။ နှစ်ပေါင်းများစွာ အားထုတ်လာခဲ့ရသည့် အလုပ်ကိစ္စက ပြီးမြောက်သွားပြီမို့ ရိပေါ်တင်သာမက ကိုယ်တိုင်ပါ ပေါ့ပါးသွားသလို ခံစားရသည်။ အနည်းငယ် ကျန်သည့်ကိစ္စများကတော့ ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်သွားဖို့သာ ရှိတော့၏။
" သူ အရမ်းပျော်နေမယ် ထင်တယ်။ဒါမှမဟုတ် နည်းနည်းလောက် စိတ်ဆိုးနေမလား။ "
ရိပေါ်က တွေးဆဆဖြင့် ပြောလိုက်တော့ ယွမ်မင်က ရယ်လိုက်ရင်း ဖြစ်နိုင်ချေရှိတာကို ပြောလိုက်၏။
" စိတ်ဆိုးမယ်ဆိုရင်တောင် ဆရာပြန်လာတာနဲ့ ယှဥ်ရင် ဝမ်းသာပျော်ရွှင်တာက ပိုမယ်ထင်တယ်။အစ်ကိုလေးက ဆရာ့ကို အရမ်းချစ်တဲ့ဟာ။ "
" အင်း "
ရိပေါ်က ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေသလို ခပ်တိုးတိုး ရေရွတ်လိုက်၏။