နှစ်ရက်တိတိနားပြီးပြီမို့ ရှောင်းကျန့် အိမ်မှာပဲ လှဲနေရတာ ပျင်းနေလေပြီ။ ကျောပိုးအိတ်ထဲ စာအုပ်တွေနှင့် စာကြည့်မျက်မှန်ကို သေချာထည့်ပြီး အိတ်ကို လွယ်လိုက်သည်။ အခန်းတံခါးကို ဖွင့်ကြည့်ပြီး မည်သူမှ ရှိမနေတာ သေချာမှ လှေကားအတိုင်း အောက်ထပ်ကို အမြန်ပြေးဆင်းသည်။
နေမကောင်းလေး ဖြစ်ရုံတင်ကို အကျယ်ချုပ်ကျနေသလို ဝမ်ရိပေါ်က ရှောင်းကျန့်ကို အိမ်မှာပဲ နားခိုင်းထားသည်။အဖျားသွေး အနည်းငယ် ရှိသေးသော်ငြား အိမ်မှာနေရတာ ရှောင်းကျန့် ပျင်းနေပြီ။
" အစ်ကိုလေး ဘယ်လဲ။ "
အောက်ဆုံးထပ် ရောက်သည်နှင့် စပ်စုစိန် ယွဲ့အာက အခန်းထဲမှ ထွက်လာရင်း အသံပြဲဖြင့် မေးသည်။ ရှောင်းကျန့်က နှုတ်ခမ်းပေါ် လက်ဖြင့် တင်ရင်း အသံတိတ်နေဖို့ အရိပ်အကဲပြသည်။
" ကျောင်းသွားမလို့။ "
ယွဲ့အာက အသံတိုးတိုးဖြင့် ပြောသည်။.
" သခင်လေးက မသွားနဲ့လို့မှာထားတယ်လေ။ "
" ဘာမှမဖြစ်ဘူး။ အိမ်မှာနေရတာ ပျင်းနေပြီ။ ငါ့ကိစ္စငါရှင်းမယ်။ သူမေးရင် မသိလိုက်ဘူးလို့သာ ဖြေလိုက်။ "
ရှောင်းကျန့်က ရှေ့ဆက်ထွက်သွားလေတော့ ယွဲ့အာက ရှောင်းကျန့်၏ ကျောပိုးအိတ်ကို ဆွဲထားပြန်၏။
" မဟုတ်ဘူးလေ အစ်ကိုလေး။ အဲဒီလို လုပ်လို့မရဘူးလေ။ "
ရှောင်းကျန့်က ရုန်းလိုက်ရင်း အပြေးတပိုင်း ထွက်လာလိုက်တော့ အိမ််တံခါးမကြီးမှာတင် လူတစ်ယောက်နှင့် ဝင်တိုက်မိ၏။ ကိုင်မိကိုင်ရာ ရင်ဘတ်ကို ကိုင်လိုက်မိတော့ ထိုလူ၏ ကြွက်သားတွေက ပြင်းပြင်းထန်ထန်လေ့ကျင့် ထားသလို တောင့်တင်းနေ၏။ သေချာပါပြီ။ ထိုသူက နှစ်ယောက်မရှိတဲ့ ဝမ်ရိပေါ်သာ ဖြစ်၏။
ဝင်တိုက်သည့် အရှိန်များတာတောင် ရိပေါ်၏ ခန္ဓာကိုယ်က ယိုင်မသွားပေ။ ရှောင်းကျန့်က မျက်လုံးလေး လှန်ကာ ကြည့်လိုက်တော့ ရိပေါ်က ခပ်တည်တည်ဖြင့် ရှောင်းကျန့်ကို ပြန်ကြည့်နေသည်။