" အစ်ကိုလေး ... အောက်ထပ်မှာ ဧည့်သည်ရောက်နေတယ်။ "
ကျောင်းမှ ပြန်ရောက်ပြီးပြီးချင်း ရှောင်းကျန့် အဝတ်အစား လဲပြီးခါစမှာ ယွဲ့အာက လာပြော၏။ဒီနေ့ ရိပေါ်ကလည်း အလုပ်မှ စောပြန်လာခဲ့ပြီမို့ နှစ်ယောက်အတူ အပြင် အလည်အပတ် သွားရန်ဖြစ်၏။ရှောင်းကျန့်က ယွဲ့အာကို လှည့်ကြည့်ပြီး မေးလိုက်၏။
" အစ်ကို ဧည့်သည်လား။ "
" ဟုတ်တယ် အစ်ကိုလေး ... အရေးကြီးလို့တဲ့။ "
ရှောင်းကျန့် ခဏစဥ်စားလိုက်၏။ ကျောင်းကိစ္စအတွက် ဧည့်သည် လာစရာမရှိပေ။ ဖြစ်ချင်းဖြစ် မိန်မေ့တို့ သားမိနှစ်ယောက်ထဲက တစ်ယောက်သာ ဖြစ်နိုင်၏။အတွေးများနေသော ရှောင်းကျန့်ကို ကြည့်ကာ ယွဲ့အာ ပြောလိုက်၏။
" ခပ်ပြည့်ပြည့်နဲ့ အန်တီကြီးတစ်ယောက်ပဲ အစ်ကိုလေး ... တွေ့ဖို့ အဆင်မပြေရင် အစ်ကိုလေး အနားယူနေတယ်လို့ ယွဲ့အာ ပြောလိုက်မယ်လေ။ "
ဒီလောက်ဆိုရင်ပဲ ရှောင်းကျန့် သဘောပေါက်၏။ ဒေါ်လေး ရောက်နေတာ ဖြစ်၏။ ရှောင်းကျန့်က အဝတ်အပေတွေ ခြင်းထဲ အရင် ကောက်ထည့်လိုက်သည်။ အပြင်ထွက်သွားဖို့ ပြင်တော့ ဝမ်ရိပေါ်က ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ခြေ၊လက် ဆေးလာပုံပင်။
" ကျန့်ကော နားချင်နားလေ။ ကျွန်တော် သွားတွေ့လိုက်မယ်။ "
" ရတယ် ရိပေါ် ... ဒေါ်လေး နေမှာ ... ကောဘာသာသွားတွေ့လိုက်မယ်။"
ရှောင်းကျန့် ထွက်သွားတော့ ရိပေါ်က အနောက်မှ လိုက်လာ၏။ ရှောင်းကျန့် မှန်းထားသည့်အတိုင်း ကွက်တိပင်။ရှောင်းကျန့် မျက်နှာမှာ စိတ်ပျက်မှုတွေ အထင်းသားဖြင့် ဒေါ်လေးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။
" ဘာကိစ္စရှိလို့လဲ ဒေါ်လေး။ "အဒေါ်ဖြစ်သူ၏ မျက်နှာထားမှာ တင်းမာသွားသော်ငြား ရှောင်းကျန့် ဘေးသို့ ဝမ်ရိပေါ် ရောက်လာပြီး ကပ်ထိုင်လိုက်သည့်အခါ ခြိမ်းခြောက်မှုတစ်ခုကို ခံစားရသည့်နှယ် ချက်ချင်းပြုံးသွား၏။