" ဟာကွာ ... အကုန်သွားပြီ။
ရိပေါ်က Laptopပေါ်မှာ ဖိတ်စင်ထားသည့် ကော်ဖီတွေကို ချက်ချင်း ခါထုတ်သည်။ ဖိတ်ကျထားတာ တော်တော်လေး ကြာနေပြီမို့ ပြောင်စင်အောင် သုတ်ပြီးနောက်တောင် Screenက ပွင့်မလာပေ။ Screenပေါ်မှာ အစက်အပျောက်တွေ အများကြီး စွန်းထင်းသွားပြီ။ Stickကို ထုတ်ယူပြီး အခြားLaptopမှာ သွားထိုးကြည့်တော့လည်း မရပေ။
မနက်ဖြန်အတွက် အရေးကြီးတဲ့ လုပ်ငန်းပိုင်း အစီရင်ခံစာတွေအားလုံးကို ရိပေါ်နှစ်ရက်တိတိ ကြိုတင်ပြင်ဆင်ထားခဲ့သည်။အခုတော့ အားလုံး ပျက်စီးသွားပြီ။
ကြောင်ပေါက်လေး၏ အသံကြားတော့ ရိပေါ်က စားပွဲပေါ် လက်ထောက်ကာ ခါးကိုင်းရပ်နေရာမှ ချက်ချင်းလှည့်ကြည့်သည်။ ကော်ဖီတွေက ကြောင်လေး၏ နှာနုတစ်ဝိုက်နှင့် အမြီးတွေမှာ ပေနေသည်။ ရိပေါ် ခန့်မှန်းမိသလို သေချာပေါက် ကျင်းကော် လက်ချက်ပင်။
" တောက် "ရိပေါ်က ဒေါသ ထွက်စွာဖြင့် စားပွဲကို လက်သီးဖြင့် အားထည့်ကာ ထိုးသည်။ စားပွဲပေါ် တင်ထားသည့် စာရွက်စာတမ်းတွေနှင့် အလှပန်းအိုးတောင် ကြမ်းပေါ် ကျကွဲသွားသည်။
လသာဆောင်မှာ လှန်းထားသည့် အဝတ်တွေကို ရုတ်ပြီး အခန်းထဲ ဝင်လာတဲ့ ရှောင်းကျန့်က အခန်းထဲမှာ ပြိုလဲကျကွဲနေတာတွေကို တွေ့တော့ ခြေလှမ်းလေး အနည်းငယ် တန့်သွားကာ ရိပေါ်ကို ကြည့်သည်။
" ဘာဖြစ်လို့လဲ ရိပေါ်။ "
ရှောင်းကျန့်က လေသံတိုးတိုးလေးဖြင့် သတိထားကာ မေးလိုက်တော့ ရိပေါ်က ရှောင်းကျန့်ကို တစ်ချက်သာ ကြည့်ပြီး မျက်နှာလွှဲကာ ကြောင်လေးကို အကြမ်းပတမ်း ကောက်မ ,လိုက်သည်။
" ရိပေါ် ... ဘာလို့လဲ ... ဘာဖြစ်လို့လဲ။ "
" ဒီကြောင်ကို မမွေးပါနဲ့လို့ အစကတည်းက ပြောထားတယ်။ အခု အနှောက်အယှက်ပေးနေပြီ။ "
ရှောင်းကျန့်က ရိပေါ်၏ လက်ထဲက ကြောင်လေးကို ဆွဲယူဖို့ လက်လှမ်းပေမယ့် ရိပေါ်က လက်မခံပေ။ လှေကားအတိုင်း ဆင်းသွားပြီး ခြံထဲထိ ခြေလှမ်းကြဲတွေဖြင့် သွားကာ ကြောင်ကို ခြံပြင်မှာ ပစ်လိုက်သည်။ ရှောင်းကျန့်က ချက်ချင်း သွားကောက်ဖို့ ခြေလှမ်းပြင်တော့ ရိပေါ်က တံခါးပိတ်ပစ်လိုက်သည်။