ရိပေါ်က ဒုတိယအထပ်၏ ဝရံတာမှာ ရပ်နေပြီး ရှောင်းကျန့်က အိမ်အောက်ရှိ နှင်းဆီပန်းတွေကြားမှ ကျောက်ထိုင်ခုံပေါ်တွင်သာ ထိုင်နေ၏။ ခြေထောက်နှစ်ဖက်လုံးကို ဖြစ်သလို ချထားပြီး ကြယ်တောင်မရှိသည့် ကောင်းကင်ကို ရှောင်းကျန့် မော့ကြည့်နေ၏။ရှောင်းကျန့်၏ အပြုအမူ မှန်သမျှကို ရိပေါ် အတိုင်းသား မြင်နေရ၏။
" ရိပေါ် မင်း ဘယ်မှာများလဲ။ မင်း ရှိနေသေးတယ်လို့ ငါ ခံစားလို့ရနေတယ်။ "
ဒီရက်တွေထဲ စိတ်တင်းထားသမျှ Leoဆိုတဲ့ တစ်ယောက်ကြောင့် ပြိုလဲလုနီးပါးပင်။ ရိပေါ်ကို ရူးလောက်အောင် လွမ်းနေချိန်မှာ ရိပေါ်နှင့် တစ်ထပ်တည်း တူတဲ့သူက ပေါ်လာခဲ့၏။
" မင်းဆီကရတဲ့ ခံစားချက်မျိုး သူဆီကလည်း ခံစားရတယ်။ သူကမင်းမဟုတ်ပါဘူးဆိုရင် မင်းက ဘယ်မှာလဲ။ ဒီထက် ... ဒီထက် ထပ်နောက်မကျဘဲ မြန်မြန်လေး ပြန်လာခဲ့ပါတော့လား။ "
တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်ပြီး အဆုံးမှာ ရှောင်းကျန့်က စို့နင့်နေခဲ့ပြီ။ရိပေါ်က ရှောင်းကျန့်ကို ကြည့်လိုက်ပြီးမှ မျက်လုံးမှိတ်ချလိုက်သည်။
" ဒီလောက်အေးနေတာကိုကွာ။ "
ချည်လက်ရှည် အပါးလေးသာ ထပ်ဝတ်ထားတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး ရိပေါ်က အခန်းထဲ ဝင်ခဲ့သည်။ လက်ရှည်အထူတစ်ထည်ကို ထုတ်လိုက်ပြီး အောက်ထပ်ဆင်းကာ ယွဲ့အာကို ရှာရသည်။ မီးဖိုချောင်ဘက်မှာ မနက်ဖြန်အတွက် နံနက်စာ ချက်ဖို့ အဆင်သင့်ပြင်နေသော အုပ်စုထဲမှ ယွဲ့အာကို ရိပေါ် ခေါ်လိုက်သည်။
" ယွဲ့အာ ...ကျန့်ကောကို ဒါလေး သွားပေးလိုက်။ "
" ဟုတ် "
" သေချာပေးခဲ့နော်။ ပြီးရင် အထဲဝင်ဖို့အတွက်ပါ ခေါ်ခဲ့ ... "
" ဟုတ်ကဲ့ "
ယွဲ့အာက လက်ရှည်အင်္ကျီလေး ပွေ့ကာ ထွက်သွားသည်။ ရိပေါ်က နေရာတွင်သာ ရပ်နေလိုက်၏။ခဏအကြာမှ ယွဲ့အာက အင်္ကျီဖြင့်ပဲ ပြန်ဝင်လာ၏။ ရိပေါ် ဆူခံရမှာ ကြောက်သည်မို့ မျက်နှာမှာလည်း မသာယာပေ။