အခန်း(၂၁) ။ နွေဦးမက်မွန်ကိတ်
ဒါကဘာကြီးလဲ။
ယွိတုံး ကြွေပန်းကန်ဖြူကြီးထဲကို ကြည့်လိုက်သောအခါ ပန်းနုရောင် မက်မွန်ပွင့် ၁၀ ပွင့်ကို တွေ့လိုက်ရသည်။
ဝတ်ဆံများမှာ ပွင့်ဖက်အနားသားကို ထိနေကြသည်။
တောင်ထိပ်မှ မနက်ခင်းလေညှင်းက ပွင့်ဖတ်များကို အသာအယာ တို့ထိနေကြသည်။ ရွှေရောင်ဖျော့ဖျော့ရှိသော ဝတ်ဆံများမှ အစောပိုင်းပွင့်သော မက်မွန်ရနံ့ သင်းမြနေသည်။စားဖိုမှူးလေး၏ အင်မော်တယ်လမ်းခရီးစဥ်:
တောင်နောက်မှ လတ်တလောခူးလာဟန်ရှိသည်။ အချို့ပွင့်ဖတ်များပေါ်တွင် နှင်းရည်လေးများ ဆွတ်နေသည်ကိုပင် တွေ့နိုင်သည်။ နှင်းစက်လေးများမှာ နေရောင်အောက်တွင် အလင်းပြန်သောကြောင့် ရောင်စုံတောက်ပနေသည်။
"အစ်မ ၂ ဒါက နွေဦးမက်မွန်ဆေးနော်။ အစ်မတိုက်ရင် တစ်ခါတည်း ဝါးစားပစ်မှာ"
??
ယွိတုံး အံ့အားသင့်သွားသည်။
'ဘာဆေးလဲဟ'
'ဒါက ဆေးလား'
သူ ပါးစပ်အဟောင်းသားဖြင့် ပန်းကန်ထဲကို ကြည့်မိနေသည်။ ပွင့်သစ်စ မက်မွန်ပန်းနှင့်တူသော အရာလေးများက နတ်ဆေးတဲ့လား။
သူက အတွင်းအားကျင့်ဖို့အတွက် မသင့်တော်သလို သူ့အရည်အချင်းမှာလည်း သာမန်မျှသာဖြစ်သည်ကို သူသိထားသည်။ လွန်ခဲ့သောနှစ်များတွင် သူ နေရာတိုင်းလိုလိုမှာ မိတ်ဆွေတော်တော်များများ ရှိလာသည်။ ယွိချုံးတောင်မှ ရွှေအမြုတေအစောပိုင်းအဆင့် ကျူးယင်နှင့် လေ့ကျင့်ဖော်လေ့ကျင့်ဖက် ဖြစ်လာပြီးနောက် ခရီးပိုထွက်ဖြစ်ပြီး ဂိုဏ်းတွင်းမှ အခြားမောင်နှမများထက် ဆေးနှင့်ပတ်သက်သည့် ဗဟုသုတ ပိုမိုရရှိခဲ့သည်။
သို့သော် ယွိတုံး ဤကဲ့သို့ ပန်းနှင့်တူသော ဆေးမျိုးကို မမြင်ဖူးကြောင်း ကျမ်းကျိန်ဆို ကျိန်ရဲသည်။ ဆေးမှုန့် ဒါမှမဟုတ်လျှင် နောက်ပုံစံတစ်မျိုးအနေဖြင့် ဆေးလုံးသာရှိသည်။ မက်မွန်ပန်းပုံ ဆေးလုံးဆိုတာမျိုးက ရှိလို့လား။
"ညီမ ၇ ဒါကို တိုက်ပွဲပြီးလို့ အားကုန်သွားတဲ့အချိန်မှာ သောက်ရမှာမလား"
ဝိညာဉ်စွမ်းအားကို ပြန်လည်ပြည့်စေနိုင်သည့် စွမ်းအားဖြည့်ဆေးကဲ့သို့ပင် မဟုတ်ပါလော။
ထိုဆေးမျိုးဆိုသည်မှာ တိုက်ပွဲတွင်း၌ အသက်အန္တရာယ်ကြုံလာသည့်အချိန်မျိုးမှာပင် လူကို ကယ်တင်နိုင်သည့် အစွမ်းမျိုးရှိသည်လေ။ ထိုဆေးမျိုးမှာ အလွန်ပင်တန်ဖိုးကြီးသည်။ ဆေးလုံးတစ်လုံးကိုပင် ဝိညာဉ်ကျောက်တုံး ၁၀၀၀ မှ ၁၅၀၀ ထိ တန်သည်။ စျေးနှုန်းအတိအကျကို မှန်း၍မရ ဆေးဖော်သူ၏ ဆိုစျေးအတိုင်း ပေးရတတ်သည်။ ထိုဆေးကို ဖော်နိုင်သူနည်းပါးသဖြင့် စျေးကွက်ထဲတွင် ရှားပါးနေလျှင် စျေးက ပိုပြီးပေးရတတ်သည်။
"ဒါက အားဖြည့်ဆေးလား"
ဟန်ဝမ်အော်က ဆူးယွိကို ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်တယ်။ အစ်မ ၂ က အဲ့ဒီလိုပြောတယ်ဆိုတော့ အဟုတ်ပဲ။ မယုံမရှိနဲ့"
"..."
ယွိတုံး အသက်ကို ပြင်းပြင်းရှုသွင်းလိုက်ပြီး ပန်းကန်ထဲမှ ပန်းရောင်မက်မွန်ပွင့်များကို ကြည့်လိုက်သည်။
'ငါးယောက်ကို ပန်းပွင့် ၅၀ ဆိုတော့ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၅ သောင်းလောက်တန်တယ်။ ပြိုင်ပွဲအတွက်နဲ့ တောင်ထိပ်မှာ စုထားသမျှတွေကို ပုံအောလိုက်တာလား'
'ဒါပေမဲ့ အဲ့ဒါကို အစ်မ ၂ ကယူလို့ရလို့လား'
'ဟုတ်သား။ တောင်ထိပ်သခင်တံဆိပ်က သူ့လက်ထဲမှာလေ။ အဲ့ဒါကိုသုံးပြီး ဝိညာဉ်ကျောက်တုံးတွေ ထုတ်လာတာနေမှာပေါ့'
'ဒါပေမဲ့ ဒီဆေးဆိုတာက ဝိညာဉ်စွမ်းအားကိုပဲ ဖြည့်ပေးနိုင်တာဆိုတော့ ဝိညာဉ်စွမ်းအား အများဆုံးကုန်တဲ့ ကူချင်းသိုင်းသုံးမယ့် အစ်ကို ၄ ကအလိုဆုံး ဖြစ်မှာပဲ။ သူ့အတွက် အသုံးအဝင်ဆုံးဖြစ်မှာ'
ယွိတုံး ကျိချုံးတောင်ထိပ်အဖွဲ့မှ လူငါးယောက်ထဲတွင် လုယိကျူးကို ရှာသော်လည်း သူ့ကိုမတွေ့။
ဟန်ဝမ်အော် ပါးလေး အနီရောင်သမ်းသွားသည်။ "သူက ဂူအောင်းပြီး သိုင်းကျင့်နေတယ်။ မပါသေးဘူး။ အဲ့ဒါညီမကြောင့်ပဲ။ အစ်ကို ၄ အဲ့ဒီနေ့က လေ့ကျင့်ဖို့သွားတုန်း ညီမကသူ့ကို အစ်မ ၂ ပေးတဲ့ ခွာပန်းဆေးကို ပေးလိုက်တာ။ အဲ့ဒါကိုလည်း သူ့ကို နားလည်စေချင်လို့။ ဒါပေမဲ့ အခုထိ သူက ဈာန်ဝင်စားတာ မနိုးသေးဘူး" သူပြောနေရင်း အသံက တိမ်ဝင်သွားသည်။
ယွိတုံး။ ။...
'ခွာပန်းဆေး အဲ့ဒါဘာကြီးလဲ'
'နေပါဦး'
"အစ်ကို ၄ က အတွင်းအားကျင့်နေတုန်းဆိုတော့ ဒီနေ့ပြိုင်ပွဲကို မလာနိုင်ဘူးပေါ့" ကြည်စင်သော ယွိတုံး၏ မျက်နှာတွင် မှောင်ရိပ်များသမ်းသွားသည်။ "အဲ့ဒါဆို ငါတို့မှာ အမြင့်ဆုံးက အခြေခံအဆင့်ရဲ့ အလယ်အလတ်အဆင့်ပဲရှိတဲ့သူက သူတစ်ယောက်တည်းရှိတာမလား"
"မဟုတ်ဘူး" ဟန်ဝမ်အော် ရှေ့ကို တိုးလိုက်သည်။ သူ၏တစ်ကိုယ်လုံး ဝိညာဉ်စွမ်းအားများ ဖုံးလွမ်းနေပြီ သူ့မျက်လုံးများက အရောင်တောက်လာသည်။ "အစ်ကို ၅ မနေ့ညကပဲ ညီမလဲ အခြေခံအဆင့်ရဲ့ အလယ်အလတ်အဆင့်ကို ရောက်သွားပြီလေ"
ယွိတုံး အံ့အားသင့်သွားသည်။
ယန်းယန်လည်း ဓားကို မြှောက်ရင်း ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။ "ကျွန်တော်လည်း ရောက်ပြီ"
သူတို့နှစ်ယောက်က သူ့ကိုကျော်သွားကြပြီလား။ သူတောင်မှ ထွက်သွားသည်မှာ ၄ လသာရှိသေးသည်။ သူတို့တွေ အခွင့်ကောင်းနဲ့ကြုံလို့ မတော်တဆ နားလည်နိုင်သွားကြတာလား။
ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဝေကျိုးက တွေးတွေးဆဆဖြင့် ပြောသည်။ "ငါတို့ ပြိုင်နေတုန်းမှာ သူ့အတွက်အဆင့်တက်ဖို့ နောက်ဆုံးအဆင့်ကို ရောက်နေလောက်ပြီ။ အဲ့ဒီတော့ အရင်ဆုံးပြိုင်နှင့်ကြတာပေါ့။ တစ်ခုခုဆိုရင် ညီ ၆ ရဲ့ ဓားပျံနဲ့ သူ့ကို စာပို့ပြီး လှမ်းနှိုးလိုက်ကြမယ်။ တစ်ပွဲပြီးရင် အမွေးတိုင်တစ်တိုင်ထွန်းစာနားတယ်ဆိုတော့ သူ အမွေးတိုင်တစ်ဝက်စာလောက်နဲ့ အရောက်လာနိုင်ရင် အဆင်ပြေနိုင်တယ်"