အပိုင်း-၄

16.7K 935 65
                                    

(Unicode)

လပြည့်နေမို့ စိုးစိုးတယောက် ရွာကိုလွမ်းနေမိသည်။ ဒီအိမ်ကိုရောက်တာ လေးလကျော်သွားပြီမို့ တခါတလေ စိုးစိုး ရွာကိုလွမ်းမောမိတာတော့ အမှန်။ အထူးသဖြင့်ဒီလို ထိန်ထိန်သာနေသည့် လပြည့်ညမျိုးတွင်။

ပြည့်စက်ကာ လုံးဝိုင်းနေသည့် လမင်းကြီးက ညဘက်ပင်ဖြစ်သော်လဲ  အေးချမ်းသည့် အလင်းရောင်ဖျဖျတို့ကို လောကကြီးအားပေးစွမ်းနေ၏။ သို့သော်လဲ မြို့ပေါ်တွင်ဖြစ်သဖြင့် လျှပ်စစ်မီးများ လင်းထိန်နေသောကြောင့် လ၏အလင်းရောင်မှာ သိပ်မလင်းနိုင်ပဲ အနည်းငယ် မှေးမှိန်ပျောက်ကွယ်နေ၏။ တောရွာဘက်တွင်တော့ ဒီလိုမျိုးမဟုတ်။ လျှပ်စစ်မီးရှိသော်လဲ အိမ်ဝိုင်းတွေခြံဝိုင်းတွေက အနည်းငယ် အလှမ်းကွာသဖြင့် မြို့ဘက်လိုတော့ အရမ်းကြီးလင်းထိန်မနေပဲ လ၏အလင်းရောင်မှာ ပိုမိုထင်သာမြင်သာရှိလှ၏။

ရွာဘုရားပွဲအား လွမ်းဆွတ်မိသဖြင့် စိုးစိုးတယောက် ရေမိုးချိုးကာ သနပ်ခါးလေးလိမ်းကျံပြီး တစုံထဲသော မြန်မာဝတ်စုံလေးကို ထုတ်ဝတ်မိသည်။ ညဘက်အချိန်မို့ ဝတ်ရဲခြင်းသာ။ ကိုယ်နှင့် မရင်းနှီးသော သူစိမ်းတွေရှေ့ ထိုသို့မဝတ်ချင်။ တပါးသူငှာ ကဲ့ရဲ့ရှုံ့ချခံရသည်မျိုး စိုးစိုးမလိုချင်ပါ။

ခြံလေးထဲတွင် အလှဆင်ထားသော ဒန်းလေးရှိသဖြင့် စိုးစိုးတယောက်ထိုင်ကာ လပြည့်ဝန်းကြီးအား ငေးကြည့်နေမိသည်။ ထိုအခိုက်နှာခေါင်းထဲသို့ တိုးဝင်လာသော သနပ်ခါးပန်းရနံ့။ သဘောကျစွာပြုံးလိုက်ရင်း ပန်းပင်တွေနားသွားကာ သနပ်ခါးပန်းအနည်းငယ်ခူးပြီး မွှေးကြူလိုက်မိသည်။ ထို့နောက်တွင်တော့ နားအနောက်တွင် ထိုပန်းခက်လေးအား ညှပ်လိုက်မိသည်။ လေအဝှေ့မှာ ပန်းပေါင်းစုံ၏ ရနံ့က ကြိုင်လှိုင်သင်းပျံ့ကာ စိတ်ကို သာယာကြည်နူးစေ၏။

ထိုသို့ ပန်းများအလယ်မှာ ပျော်ရွှင်နေသည့် စိုးစိုးမှာတော့ အပေါ်ထပ် တနေရာကနေ လူတစ်ဦး၏ အကြည့်မလွှဲစတမ်း ကြည့်ရှု့ခံနေရသည်ကိုတော့ မသိခဲ့ချေ။ ခနအကြာ ထိုလူက ပြုံးလိုက်ရင်း အခန်းအပြင်သို့ ထွက်သွားလေတော့၏။

အချစ်၏ခြေတော်ရင်း ခစားပါရစေ [Complete]Where stories live. Discover now