အပိုင်း(၄)

942 74 2
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

~~~မင်းတို့အားလုံးရဲ့အသံက ငါအီးပေါက်သလောက်ပဲရှိပါတယ်ကွ ဟား ဟား ဟား ၊ အေးချမ်းမောင်ကွ အေးချမ်းမောင် ဟား ဟား ဟား မင်းတို့ကိုမကြောက်လို့ တစ်ယောက်တည်းရပ်တည်နေတာကွ ဟား ဟား ဟား...ဒီနယ်တကျော့မှာ ငါအေးချမ်းမောင်ကသာ ဘုရင်ကွ ဟား ဟား ဟား~~~~

ကျောက်ဖူးရွာ တောင်ပိုင်းမှ မြည်ဟီးလာသည့် အသံချဲ့စက်အသံကြီးသည် တစ်ရွာလုံးကိုတုန်ခါနေသည်။
အေးချမ်းမောင်သည်သူ၏ 'အေးချမ်းမောင် တေးသံသာ ' အသံချဲ့စက်ကြီးကို မိုင်ကုန်ဖွင့်ပြီး သူသည်သာ ရှင်ဘုရင်ဖြစ်ကြောင်း အစွမ်းကုန်ထုတ်ပြနေ၏။

နောက်ဖေးတွင်ထမင်းချက်နေသော အေးမြသည် မောင်ဖြစ်သူကောင်းမှုကြောင့် နားစည်ကွဲမတတ်ခံစားနေရ၏။
သို့ပေမယ့်လည်း မောင်လေးကလိုခင်တယ်လို့ပူဆာတော့ ဝယ်ပေးမိပြန်ရော။
မောင်လေးအလိုကျဝယ်ပေးချင်တာထက် ဟိုဘက်ပိုင်းကမိညိုမောင်မှာ အသံချဲ့စက်ရှိတာမို့ အားကျမခံဝယ်ပေးထားခြင်းဖြစ်သည်။

ထမင်းအိုးကိုရေသေချာစစ်ပြီး ခွင်ပေါ်တင်ကာနှပ်ထားလိုက်တယ်။
ပြီးတော့ လုံချည်စကိုမကာ အိမ်ရှေ့သို့ပြေးထွက်လာပြီး အသံချဲ့စက်အရှေ့ထိုင်ကာ ကလိနေသော ငချမ်းကို လှမ်းအော်လိုက်၏။

" ဟဲ့ ငချမ်း တော်ပါတော့ ငါနားတွေကွဲထွက်တော့မယ်....နင့်စက်အသံကြီးကိုတိုးထားစမ်းပါ...!"

သို့ပေမယ့် သူမဘယ်လောက်အော်အော် သူမ၏အသံသည် ထိုအသံချဲ့စက်ကြီးကိုမဖုံးလွှမ်းနိုင်။
ခေါင်းငုံ့ကာ ကလိချင်တိုင်းကလိနေသော ငချမ်းသည် သူမ၏စကားကိုမကြားချေ။
အနားကိုလည်းမသွားနိုင်ဘူး.... ကြံရာမရတဲ့အဆုံး အိမ်ရှေ့လွယ်အိတ်ထဲမှထည့်ထားသော လေသခွကိုယူပြီး လောက်စလုံးထည့်ကာ မောင်ဖြစ်သူကိုချိန်ပြီးပစ်လိုက်တယ်..။

ဖောက်...

"အောင်မလေးဗျ..!"

သူ့၏ဘေးသို့အရှိန်ပြင်းပြင်းကျလာသော လောက်စလုံးကြောင့် ထခုန်မတတ်လန့်သွား၏။
လောက်စလုံးလာရာကိုကြည့်လိုက်တော့ သူကိုခါးထောက်တာ လက်ဟန်​ခြေဟန်ပြောနေသော အမအေးမြ။
ဘာပြောမှန်းမသိတာကြောင့် မေးငေါ့ပြီးမေးလိုက်သည်။
အသံချဲ့စက်ကိုတလှည့် သူ့ကိုတလှည့်လက်ညိုးထိုးပြီးပြောနေသောအမကိုကြည့်ပြီး အေးချမ်းမောင်သည်ခေါင်းထက်ရှိဆံပင်များကိုသာ တဗြင်းဗြင်းဖြစ်အောင်ကုတ်နေမိသည်။

ဧကရာဇ်သစ္စာ.(Ongoing )Where stories live. Discover now