2019ခုနှစ်....
နေ့လည်စာစားချိန်အတွက်သတိပေးသံခေါင်းလောင်းမြည်လိုက်သည်နှင့်တစ်ပြိုင်နက် အတန်းထဲမှကျောင်းသားများက အလျှိုလျှိုပြေးလွှားထွက်သွားကြသည်။ ဂျုံဆောင်း ဗလာစာအုပ်ကိုပိတ်၊ စာရေးစားပွဲကို ခပ်မြန်မြန်လေးရှင်းပြီးနောက် ရွှင်ပျစွာဖြင့် သူ့အတန်းထဲကထွက်လာခဲ့သည်။ အခန်းဝရောက်ကာမှ ကျန်ရစ်ခဲ့သောသူ့စားပွဲလေးကို စိတ်မချစွာပြန်လှည့်ကြည့်လိုက်သည်။
အချိန်လည်းသိပ်မရတော့သည်မို့ မုန့်ဖိုးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ မုန့်ဈေးတန်းဆီသူအပြေးအလွှားသွားသည်။သူ့အဖို့တော့ သူ့မေမေက ထမင်းချိုင့်လေးထုပ်ပိုးထည့်ပေးပြီးသားမို့ သွားရေစာ သကြားလုံးနှင့်ဂျယ်လီလေးများသာဝယ်ပြီး အဓိကရည်ရွယ်ချက်ဖြစ်သော ချောကလက်နို့ဗူးကလေးအားအမြန်ဝယ်ကာ သူ့စာသင်ခန်းမဟုတ်သောကျောင်းအားကစားခန်းမဆီသို့ အပြေးအလွှားသွားရသည်။
အားကစားခန်းမရဲ့ထောင့်တစ်နေရာမှာရှိတဲ့ လောခ့်ကာတွေထဲက အမြဲဘာမှမရှိနေတတ်သောလောခ့်ကာလေးအား အသာအယာဆွဲဖွင့်ကာ အသင့်ဝယ်လာသောချောကလက်နို့ဗူးလေးအားထည့်ထားလိုက်သည်။
ဘာလို့အတန်းထဲသွားမပေးဘဲလော့ခ်ကာထဲလာထည့်ရသလဲဆိုလျှင်တော့ ထိုသူကကျောင်းဘောလုံးအသင်း၏ တိုက်စစ်မှူးဖြစ်တာမို့ နေ့လည်စာစားချိန်ပြီးရင် လေ့ကျင့်ဖို့အမြဲလာတတ်သည်လေ။
'ဒီနေ့အတွက်လည်းကျေးဇူးတင်ပါတယ်'
အထဲမှာတော့ ထပ်ပြီးတွေ့ရတဲ့ စာရွက်ဖြတ်ပိုင်းအခေါက်လေးတစ်ခု။ ဒါသူနို့ဗူးလေးတွေ အဆက်မပြတ်ထည့်ပေးပြီးသုံးရက်လောက်ကြာပြီးတဲ့နေ့ကစလို့ အမြဲလက်ခံရရှိခဲ့တဲ့စာတိုလေးတွေဖြစ်သည်။
ဂျုံဆောင်းမှာထိုစာရွက်ပိုင်းလေးအား ဆုတံဆိပ်တစ်ခုကဲ့သို့ နုနုယွယွလေး အင်္ကျီအိတ်ကပ်လေးထဲထည့်သိမ်းထားလိုက်သည်။ နေ့လည်စာစားချိန်ပင်တစ်ဝက်ကျိုးတော့မည်။ ခုထိသူ့ဗိုက်ထဲထမင်းတစ်စေ့တောင်မဝင်သေး။ တကယ်တော့ မနက်စာလွတ်တာများသည်မို့ ဂျုံဆောင်းကဗိုက်တအားဆာနေပြီဖြစ်သည်။ သို့သော် သူ့မှာ ဆာနေသောအစာအိမ်ကိုအရင်မဖြည့်အားဘဲ အလွမ်းဓာတ်ဖြင့် မအီမသာဖြစ်နေသောသူ့နှလုံးသားရဲ့အလိုကို အရင်ဖြည့်ဖို့ရာ နောက်ဆုံးနှစ်များရှိသောအဆောင်သို့ ခရီးနှင်ရပြန်သည်။