ညနေခင်းလေဟာ ဂျုံဆောင်းရဲ့ပါးပြင်ပေါ် ဖြည်းညင်းစွာ ဖြတ်ပြေးသွားသကဲ့သို့ နူးနူးညံ့ညံ့တိုက်ခတ်နေသည်။ အနောက်ဘက်သို့ဦးတည်နေသော နေဝန်းနီနီက ပြတင်းပေါက်ဘေးနားမှာထိုင်နေတဲ့ဂျုံဆောင်းကိုထင်ဟပ်လျက်။
ဆရာ့ရဲ့စာရှင်းသံတစ်ဖြတ်ပြီးတိုင်း လိုက်ပါဖြေကြားနေသည့် ဂျုံဆောင်းရဲ့ လေသံတိုးတိုးဟာ ဂျယ်ယွန်းနားထဲငြိမ့်ညောင်းစွာ။ သူသည်ဂျုံဆောင်းအား ပထမနှစ် ကျောင်းစစတက်သည့်ရက်ကတည်းက စတင်ခင်မင်ရင်းနှီးခဲ့သူဖြစ်သည်။ ထို့အပြင် ဂျုံဆောင်းက သူ့စိတ်အစဉ်အား သိသိသာသာတိမ်းညွှတ်စေခဲ့သူလည်းဖြစ်သည်။ ဒါကြောင့် ဂျုံဆောင်းနဲ့သိခဲ့တဲ့ ဒီနှစ်အနည်းငယ်အတွင်း ဂျယ်ယွန်းဘက်က ဂျုံဆောင်းအား ယခုထက်ပိုနီးစပ်လိုကြောင်း အကြိမ်များစွာ အချက်ပြနေခဲ့သော်ငြား ဂျုံဆောင်းဟာ အမြဲပင်ရှောင်ဖယ်နေခဲ့သည်။
ယနေ့လည်းဂျယ်ယွန်းသည် ကျောက်သင်ပုန်းဆီရောက်နေသော ဂျုံဆောင်းမျက်ဝန်းများကို ဘေးမှ ငေးကြည့်ရင်း ဂျုံဆောင်းက သူ့အား ရှေ့ဆက်မတိုးစေချင်သည့်အကြောင်းပြချက်အား အသံတိတ်ရှာဖွေနေခဲ့သည်။
ပါမောက္ခရဲ့ ဒီနေ့သင်ခန်းစာဒီလောက်ပဲဆိုတဲ့အသံမကြားခင်အထိ သူ့စိတ်တွေဟာ ပတ်ဂျုံဆောင်းဆိုတဲ့ရပ်ဝန်းထဲမှာ တဝဲလည်လည်
"ဂျယ်ယွန်း ဘာတွေငေးနေတာလဲ မပြန်ဘူးလား အတန်းပြီးပြီ"
"ဂျုံဆောင်းကို ကျွန်တော်မေးစရာရှိတယ်"
ဂျုံဆောင်းသည်သူ့ထံမှ ထိုစကားတွေအား ခန့်မှန်းထားပြီးသားဖြစ်ပုံရသည်။ သူအမေးရှိသည်အား ဖြေဖို့အသင့်လုပ်ထားခဲ့သလိုပုံပေါ်သည်။
"ကဲပါ ဒါဖြင့်လည်းတူတူပြန်ရင်းမေး ဖြေပေးမှာပေါ့"
ဤသို့နှင့် ဂိတ်ဝရောက်ဖို့ ၁၅မိနစ်လောက်လျှောက်ရသောလမ်းပေါ်ထက် ဂျုံဆောင်းသည် ဂျယ်ယွန်းထံမှမေးခွန်းတစ်စုံတစ်ရာအား စောင့်စား၍ တူတူပြန်လာခဲ့သည်။
"အဲ့ဒီ့ ဂျုံဆောင်းအိမ်ကို ကျွန်တော်ရောက်တဲ့ နေ့က ကျွန်တော်နဲ့တွေ့တဲ့ ဂျုံဆောင်းအကိုဆိုတာ အကိုရင်းမဟုတ်ဘူးပေါ့?"