" SONG RECOMMENDATION "
||Zombie by Day6 ||
___________________________
.° 🖇₊˚ෆ
"ပြန်ရောက်ပါပြီ။ "
ဆောနူရဲ့ လေးတိလေးကန် အသံက အိမ်ထဲမှာ ပျံ့သွားပြီးနောက် မေမေ့ဆီက သင်တန်းသွားဖို့ သတိပေးတဲ့အသံက တစ်ဆက်တည်းထွက်လာသည်။ ဆောနူ မေမေ့ရဲ့ သတိပေးသံကို ပြန်ဖြေတာမျိုး မလုပ်တော့ဘဲ အခန်းထဲကို တန်းဝင်လိုက်ပြီး အိပ်ရာပေါ်ပစ်လှဲချလိုက်သည်။ ဆောနူ အခုချိန် စိတ်လွတ်လက်လွတ်သာ အိပ်လိုက်ရင် ခဏလေးအတွင်း အိပ်ပျော်သွားလောက်အောင် ပင်ပန်းနေပေမဲ့ ဆောနူရဲ့ ဖန်ခါထပ်နေတဲ့ တစ်နေ့တာကအခုထိ အဆုံးသတ်ကို မရောက်သေးတာမလို့
သူ့စိတ်တိုင်းကျ လုပ်လို့မဖြစ်ပါ။သူ့ရဲ့ တစ်နေ့တာက အားလပ်ချိန် မရှိအောင်ကို လုပ်စရာတွေ များနေပေမဲ့ ဆောနူကတော့ အမြဲတမ်း ပျင်းစရာကောင်းတယ်လို့ပဲ ခံစားနေမိတာ။ နေ့တိုင်းနေ့တိုင်း လုပ်နေရတဲ့ လုပ်ငန်းစဉ်တွေက ပြောင်းလဲခြင်း နည်းနည်းတောင် ရှိမနေဘူးလေ။
မနက်စောစောထ၊ ကျောင်းကိုသွားပြီး တစ်နေ့လုံး ခေါင်းထဲကို အပြည့်အသိပ် စာတွေထိုးသွင်း၊ ကျောင်းဆင်းရင် နားချိန်မရှိဘဲ သင်တန်းကို အပြေးသွား၊ သင်တန်းကပြန်ရောက်ရင် ညစာတန်းစားပြီး မပြီးဆုံးနိုင်တဲ့ အိမ်စာတွေလုပ်ရင်း ညသန်းခေါင်ကိုရောက်၊ ဒီလို နေ့တိုင်းထပ်နေတဲ့ လုပ်ငန်းတွေကို ဆောနူ ဘဝ တစ်လျှောက်လုံးနီးပါး လုပ်လာပေမဲ့ ဘယ်တော့မှ အသားကျတာမျိုး မရှိခဲ့ဘူး။ သူ့ကိုယ်သူ ပိတ်လှောင်ခံထားရတဲ့ ခံစားချက်နဲ့ ဆောနူကို အမြဲမွန်းကြပ်စေရုံပဲရှိတာ။