ဒီနေ့က ကျန်းဟောင့် ကိုရီးယားကိုပြန်မယ့်နေ့ဖြစ်သည်။မနေ့တည်းက မာမားက ကျန်းဟောင့် အခန်းကိုလာပြီး ဆောင်းဟန်ဘင်းနဲ့ မတွေ့ဖြစ်အောင်နေဖို့ ပါပါးသိသွားရင် မလွယ်ဘူးဆိုတဲ့အကြောင်းကို မအိပ်မချင်း ထပ်တလဲလဲ ပြောနေတာဖြစ်၏။
လေဆိပ်ကိုလိုက်ပို့တော့လည်း ကျန်းဟောင့် ကိုလေယာဥ်ပေါ်မတက် မချင်း မှာနေတာဖြစ်သည်။ကျန်းဟောင့် လည်း ကတိအထပ်ထပ်ပေးပြီး လေယာဥ်ပေါ်တက်ဖို့ နှစ်ယောက်လုံးကိုဖက်ကာ နှုတ်ဆက်လိုက်ရသည်။
ကိုရီးယားကိုပြန်ရောက်ရင် ဘာတွေဆက်ဖြစ်မလည်းဆိုတာတွေးမိရင် ရူးချင်လာသည်။ ဒီမှာရှိနေတဲ့အတောအတွင်း အဆက်သွယ်မပြတ်ရှိနေကြပြီး ဆောင်းဟန်ဘင်းကတော့ ကျန်းဟောင့် ပြောသလိုလုပ်မယ်ပြောပေမယ့် သိပ်တော့မယုံကြည်ချင်။ဘာလို့ဆို ဆောင်းဟန်ဘင်း ဘယ်လောက်တဇွတ်ထိုးလုပ်ပြီး စကားနားမထောင်တတ်လည်းဆိုတာ ကျန်းဟောင့် အသိဆုံးမို့။
ဒီလိုနဲ့ကိုရီးယားကိုပြန်ရောက်တော့ အဆောင်ကိုပဲ တန်းပြန်လာလိုက်သည်။မသွားခင်တုန်းက ဆောင်းဟန်ဘင်းကိုပြောထားတဲ့ သူ့တိုက်ခန်းမှာပြောင်းနေမယ်ဆိုတဲ့ ကိစ္စတွေလည်းမရှိတော့တာမို့ ဝမ်းနည်းရ၏။ကျန်းဟောင့် လည်း ချစ်တဲ့သူနဲ့ အနီးဆုံးမှာနေချင်တာပဲ။ပြီးတော့ သူတို့နှစ်ယောက်က ချစ်စကြင်နာစအချိန်တွေ အနားမှာအမြဲကပ်နေချင်ကြတာက သမီးရည်းစားစုံတွေတိုင်းလိုလိုပဲမို့လား။
ခုတော့ 6လလောက်ကသူစိမ်းလိုသာဖြတ်သန်းရဦးမည်။ အထုတ်တွေပြန်နေရာချနေရင်း ကျန်းဟောင့် ငိုမိတော့သည်။ တကယ်ဆို ကျန်းဟောင့် ပြန်လာတာနဲ့ ဆောင်းဟန်ဘင်းက လာကြိုပြီး အတူတူရှိနေ နိုင် မှာကို။ ခုတောင် ကျန်းဟောင့် ဒီလိုဝမ်းနည်းနေရတာ 6လဆိုတဲ့အချိန်အကြာကြီးကို ဘယ်လိုဖြတ်သန်းရမလဲမသိတော့။
ထိုစဥ် အခန်းတံခါးဖွင့်သံကြားလိုက်ရတာမို့ လှည့်ကြည့်တော့ ထယ်ရယ်ဖြစ်နေသည်။ မျက်ရည်တွေနဲ့ ကျန်းဟောင့် ကိုမြင်တော့ လန့်သွားပုံရတယ်၊ ခြေလှမ်းသွက်သွက်နဲ့အနားကိုရောက်လာကာ မျက်နှာကို အတင်းငုံ့ကြည့်တယ်။