ကျမအိမ်ပြန်ရောက်တော့ အကြင်လာပေးထားသောကြက်ဆီပြန်ဟင်းနဲ့အိမ်ရှေ့ကွပ်ပျစ်တွင်ပဲ ထမင်းစားလိုက်သည်။မကြေးမုံကိုတော့မတွေ့ပေ။အကြင့်လက်ရာဟာသိပ်ကောင်းသည်။ကျမအတွက်ေတာ့ကမ္ဘာပေါ်မှာအမေ့လက်ရာပြီးရင် အကြင့်လက်ရာဟာဒုတိယအကောင်းဆုံးဖြစ်သည်။
"ပြုံး ထမင်းတောင်စားနေပြီလား"
မကြေးမုံကအကြော်ထုပ်ကလေးကို ဆွဲကာ ခြံထဲဝင်လာသည်။
"ဟုတ်တယ်မကြေးမုံရဲ့ ဘုန်းကြီးကျောင်းကပြန်လာတာဗိုက်ဆာလို့ ဒါနဲ့မကြေးမုံကဘယ်သွားတာတုန်း"
"အဘက ပြုံး နိုးလာရင်ထမင်းနဲ့စားဖို့တဲ့အကြော်ထွက်ဝယ်ခိုင်းက သူကထမင်းတောင်စားနေပြီ"
"ထမင်းကမကုန်သေးပါဘူး မကြေးမုံရယ် ပေးအဲ့အကြော်ထုပ်"
ကိုင်ထားသောဇွန်းကလေးကိုထမင်းပန်းကန်ထဲအသာချကာ မကြေးမုံလက်ထဲမှအကြော်ထုပ်နဲ့အချဉ်ရည်ထုပ်ကလေးကို လှမ်းယူလိုက်သည်။အိတ်ကိုဖြည်ကြည့်တော့ ပဲကပ်ကြော်၊ဘူးသီးကြော်၊တိုဟူးကြော်နဲ့ဗယာကြော်လုံးလေးတွေကိုတွေ့ရသည်။ကျမ ဘူးသီးကြော်တစ်ခုကိုယူ၍အချဉ်ထုပ်ကလေးထဲကိုနှစ်လိုက်သည်။ပါးစပ်ထဲခွံ့မိတော့ အတော်ပင်ကျေနပ်သွားသည်။ဒီရွာကအစားအသောက်တွေသိပ်ကောင်းတာပဲဟုလည်းမှတ်ချက်ချမိသည်။
"ပြုံးရယ် ဒီတိုင်းကြီးလား ထည့်စရာပန်းကန်လေးသွားယူမှပေါ့"
"ဒီလိုစားလည်းဖြစ်ပါတယ်မကြေးမုံရယ် ဒါနဲ့ မကြေးမုံထမင်းစားပြီးရဲ့လား"
"ကျုပ်စားပြီးပါပြီ။ဒါနဲ့ ပြုံးရေချိုးပြီးတဲ့အခါကျစိုက်ခင်းထဲလိုက်ခဲ့မလားဟင်"
"မကြေးမုံ စိုက်ခင်းသွားမလို့လား"
"ဟုတ်တယ်ပြုံးရဲ့ အဘကိုထမင်းသွားပို့ရင်း လုပ်စရာရှိတာလေးတွေလုပ်ခဲ့မလို့"
"လိုက်ခဲ့မယ်လေ။ ဒါနဲ့ပြုံးက ထမင်းစားပြီး ခနနားပြီးရင်ရေချိုးတော့မှာ "
"စောသွားတော့ကောင်းတာပေါ့ပြုံးရဲ့ "
"အ့တာဆိုပြုံးထမင်းမြန်မြန်စားပြီးရေချိုးလိုက်မယ်"