ကျမဒီရွာသို့ရောက်သည်မှာ တစ်ပတ် မျှပင်ရှိလေပြီ။အလှူရက်ကလည်းသိပ်မလိုတော့သဖြင့်သူကြီးအိမ်တွင်ပို၍အလုပ်ရှုပ်နေသည်။ဒီတစ်ပတ်အတွင်း ကျမနဲ့အကြင်သူကြီးအိမ်မှာတွေ့ဖြစ်ကြသည်။တစ်ခါတစ်လေကျသူ့အနားမှာခေါ်ခိုင်းတတ်သလိုတစ်ခါတစ်လေကျတော့လည်း တစ်နေရာစီလုပ်ကူကြရသည်။ထိုအတောအတွင်းကျမဟာသူကြီးနှင့်ပင်ရင်းနှီးနေပြီ။ဟုတ်သည်ရှိမဟုတ်သည်ရှိ သူကြီးသားကိုရာဇာနှင့်ကျမတောင်တရင်းတနှီးစကားပြောဖြစ်ကြသည်။ဒီနေ့ကျမအပျိုများနှင့်အတူလုပ်ကူရသည်။ပင်ပန်းသဖြင့် ထိုလုပ်ကူနေရာမှဘေးသို့ထွက်၍နားနေလိုက်သည်။ထိုအချိန်ကိုရာဇာရောက်လာပြီး
"ဟား ငါ့ညီမမောနေပြီလား"
သေချာစကားပြောကြည့်မှကိုရာဇာကြီးကစိတ်နှလုံးကောင်းသူဖြစ်သလို ကျမအပေါ်တွင်လည်းညီမလေးတစ်ယောက်လိုသဘောထား၍ဆက်ဆံသည်။
"ဟုတ်ပါ့ဗျာ နေကလည်းပူသမှ"
"ဟားဟားဟား ကဲ အချိုရည်လေးများမသောက်ချင်ဘူးလား တင့်လွင်တို့ကိုအဝယ်လွှတ်လိုက်မယ်"
"ကောင်းတာပေါ့ကိုရာဇာကြီးရယ်"
"ဟေ့ တင့်လွင် တို့ဘယ်ရောက်ကုန်ကြလဲ"
ကိုရာဇာအော်ခေါ်လိုက်တော့ နောက်ဖေးမှ ကိုတင့်လွင်နဲ့ကိုစံပြူးတို့ထွက်လာကြသည်။
"ဘာတုန်းဟ အာပြဲလျှာပြဲနဲ့မင်းကလည်း"
နောက်ဖေးကနေကျမတို့ဆီလျှောက်လာရင်းမှ ကိုတင့်လွင်ကလှမ်းပြောသည်။
"ရွာထိပ်က မရွှေတို့ကုန်စုံဆိုင်မှာ အချိုရည်ဘူး သွားယူလာချည် ကျသင့်ငွေကို အဘစာရင်းထဲပေါင်းပေးထားပါလို့ပြောခဲ့နော်"
"အေးပါကွာ ဒါနဲ့ဘယ်လောက်ယူခဲ့ရမလဲ"
"ပိုပိုလိုလို ၃ကဒ်လောက်ယူလာချေ"
"ဟုတ်ပြီရာဇာ ဒါဆို ငါတို့သွားပြီနော်"
ပြောရင်းကိုတင့်လွင်နှင့်ကိုစံပြူးတို့ ထွက်သွားကြသည်။ခုချိန်ကျမတွေးမိတာကအကြင်တစ်ယောက်ဘာများလုပ်နေမလဲဆိုပြီး။ထိုအချိန်အကြင်က အောက်ထပ်ထဲမှထွက်လာကာ လုပ်ကူနေကြသောအပျိုတစ်သိုက်ကိုမုန့်လာချပေးသည်။ခရမ်းရောင်ဝမ်းဆက်နှင့်သူမ၊ပါးကွက်ကြားလေးနှင့်သူမ၊ရှည်လျားတဲ့ဆံပင်များကိုသရေခေါင်းစီးကွင်းဖြင့်ချည်ထားတဲ့သူမ၊ပြီးတော့မျက်ဝန်းနက်နက်ကလေးပိုင်ဆိုင်ထားသောသူမ အို ကျမတော့ထိုမျက်ဝန်းနက်နက်ကလေးထဲ ခိုဝင်မိချင်ပါတော့သည်။