ဒီနေ့မနက် နိုးလာတော့ အရမ်းပူနေသည်။နွေရာသီနေမှာအတော်ပူသကိုး။သို့ပေတည့် ဒီနေ့ပိုပူနေလိုခံစားရသည်။ထို့ပြင်အရမ်းလည်းလင်းထင်းနေသည်ဟုထင်မိ၍အိပ်ရာအမြန်သိမ်းကာအပြင်ထွက်ကြည့်လိုက်တော့ ဘုရားရေ နေတောင်အတော်မြင့်နေပြီ။ကျမအခန်းထဲပြန်ပြေးဝင်၍အိပ်ရာထဲကဖုန်းကိုယူကြည့်လိုက်တော့ကိုးနာရီတောင်ခွဲနေလေပြီ။ဘဝမှာဤမျှလောက်အိပ်ရာထမနောက်ကျဖူးပါ။ကျမအောက်သို့ဆင်း၍မျက်နှာသစ်သွားတိုက်လုပ်လိုက်သည်။ဘကြီးကတော့စိုက်ခင်းသွားတာဖြစ်လိမ့်မည်။မကြေးမုံကတော့မီးဖိုထဲတွင်ထမင်းပွဲပြင်နေလေသည်။ကျမမျက်နှာသစ်ပြီးမီးဖိုထဲသို့ဝင်သွားလိုက်သည်။
"ပြုံး နိုးလာပြီလား"
"မကြေးမုံ ဘာလို့ပြုံးကိုမနှိုးတာလဲ ခုတော့အိပ်ရာထနောက်ကျရပြီ"
ကျမအပြောကိုမကြေးမုံကမျက်နှာတစ်ချက်ရှုံ့၍
"အဘကမနှိုးနဲ့တဲ့ အိပ်ရေးဝအောင်အိပ်ပါစေဆိုလို့ ဒါနဲ့နေပါအုန်း ပြုံးက အစောကြီးထပြီးဘာလုပ်မလို့လဲ"
ကျမမကြေးမုံကိုကြည့်၍ပြုံးစိစိလုပ်ကာ
"အကြင်ဆွမ်းပို့တဲ့နောက်လိုက်မလို့ပေါ့"
"အဲအဲ နေစမ်းပါအုန်း ညည်းအပျိုကြီးကိုအကြင်အကြင်နဲ့ဘာဖြစ်နေတာတုန်း"
"ဘာဖြစ်နေလို့လဲမကြေးမုံရဲ့ အကြင်ဆိုတာလည်းသူ့နာမည်ပဲဟာ"
"ကျုပ်စိတ်အထင် ညည်းတို့နှစ်ယောက်အရမ်းရင်းနှီးသလိုခံစားနေရတယ်"
"မကြေးမုံစိတ်ထင်လို့ပါ အ့တာအသာထားပါ ဘာဟင်းချက်လဲဟင် "
"အချဉ်ဟင်းရယ်၊ဝက်သားလေးကိုအချိုချက်ထားတာရယ် ငရုပ်သီးထောင်းရယ်"
"အားပါးပါး တယ်ဟုတ်ပါလား မကြေးမုံရောမစားရသေးဘူးမလား လာတူတူစားရအောင်"
ပြောရင်းကျမအသင့်ပြင်ထားသောထမင်းအုပ်ထဲမှထမင်းများကိုခူး၍ မကြေးမုံရှေ့ကိုချပေးလိုက်သည်။စကားလမ်းကြောင်းလွှဲမှဖြစ်လိမ့်မည်။မကြေးမုံကပဲလူကဲခတ်တော်တာလား၊ကျမကပဲသိသာလွန်းနေတာလားမပြောတတ်ချေ။