ကျေးလက်ဒေသရဲ့နံနက်ခင်းဟာသိပ်ကိုသာယာပါသည်။အထူးသဖြင့်ရင်ခွင်ထဲကအမျိုးသမီးကြောင့်ဒီနေ့နံနက်ခင်းကပိုပြီးသာယာသွားသည်။အနီးကပ်ကြည့်မိမှအကြင်ကအတော်လေးလှသည်။မှိတ်ထားတဲ့မျက်ဝန်းဆီမှကော့ညွှတ်နေတဲ့မျက်တောင်လေးများက ကျမနှလုံးသားကိုလက်ယက်ခေါ်နေသယောင်။ဆေးအကူမပါပဲနီနေသောနှုတ်ခမ်းပါးရဲရဲကလေးမှာလည်း လူ့သမာဓိအားလာစမ်းနေသလိုပင်။အသားအရည်ဖြူသူမို့ မေးရိုးနားကသွေးကြောစိမ်းစိမ်းကလေးများတောင်မြင်ရပါသည်။ကျမမထိန်းနိုင်တော့ပဲအကြင့်နှုတ်ခမ်းကိုနစ်ဝင်သွားမတတ်နမ်းလိုက်သည်။ရင်ဘတ်ကိုခပ်ဖွဖွလာထုသောလက်များကြောင့်အကြင်နိုးပြီမှန်းကျမသိလိုက်ပြီ။
"အို နိုးနေတာကိုမထသေးပဲ လူကိုအသားယူနေတယ်"
ခပ်စူစူလေးပြောလာတဲ့အကြင်ဟာကလေးလေးတစ်ယောက်လို
"ကိုယ့်ချစ်သူမို့နမ်းတာကို အသားယူတယ်ထင်လား"
"မသိဘူး မသိဘူး ဘယ်အချိန်တောင်ရှိနေပြီလဲ"
အကြင်ကအိပ်ရာဘေးကနာရီလေးယူကြည့်လိုက်ပြီးမှသူမလက်ကိုပါးစပ်ကလေးဖြင့်အုပ်ကာ
"ဘုရားရေ ရှစ်နာရီတောင်ခွဲနေပြီ။သက်တမ်းတစ်လျှောက်ဒီလောက်ကြာအောင်တစ်ခါမှမအိပ်ဖူးဘူး"
"မောင့်ရင်ခွင်ကနွေးလို့နေမှာပေါ့"
"တော်ပါ မိမှုံပြန်ရောက်နေပြီထင်တယ်"
"အင်း ရောက်နေပြီ ဆွမ်းချိုင့်သွားပို့တယ်ထင်တယ်"
"ဒါဆို ရှင်နိုးနေတာကြာပြီပေါ့"
"အင်း"
"ဒါဖြင့်ဘာလို့ကျွန်မကိုမနှိုးရတာလဲ"
မကျေနပ်ဟန်လေးဖြင့်ရင်ခွင်ထဲမှရုန်းထနေသောအကြင့်ကိုစချင်လာသဖြင့် တင်းတင်းကြပ်ကြပ်ဖက်ကာ
"အိပ်ရေးဝစေချင်လို့လေ ၊ပြီးတော့အကြင်အိပ်နေတာအရမ်းလှလို့"
"အို လွှတ်တော့ မျက်နှာသစ်ပြီး ဘုရားပန်းလှဲရအုန်းမယ်"
"လွှတ်စေချင်ရင် အာဘွားပေး"