"ပြုံး ဘာထွက်လုပ်နေတာလဲ ပျင်းနေပြီလား"
မကြေးမုံအသံပဲ ကျမအသာပြုံးလိုက်ပြီးအသံလာရာသို့လှည့်ကြည့်မိသည်။ခြံဝိုင်းရှေ့လမ်းမကြီးမှလမ်းလျှောက်လာတာကိုတွေ့ရသည်။မကြေးမုံတစ်ယောက်တည်းမဟုတ်ပါ။ဘေးတွင် မကြေးမုံနှင့်မတိမ်းမယိမ်းဟုထင်ရသည့်အမျိုးသမီးတစ်ဦးပါသည်။
အနီရောင်ရင့်ရင့် အင်္ကျီရင်ဖုံးနှင့် အဖြူခံပေါ်တွင် အနီရောင်ချိတ်လှိုင်းများပါသောလုံချည်ကိုဝတ်ဆင်ထားသည်။အသားအရည်မှာလည်းအတော်လေးဖြူသည့်အထဲပါသည်။ခါးကျော်သောဆံပင်များကို ဖဲပြားလေးဖြင့်ခပ်လျှောလျှောစည်းထားသောထိုအမျိုးသမီး။အနီဝမ်းဆက်နှင့်သူမခန္ဓာကိုယ်မှာပနံသင့်နေသည်။မျက်လုံးဝိုင်းဝိုင်းကလေးများနှင့်ပြုံးကိုကြည့်နေသောထိုအမျိုးသမီးကိုကြည့်၍ ထပ်ပြုံးမိသည်။လျှောက်လာသောခြေလှမ်းကိုကြည့်လိုက်တော့လည်း အနီရောင်ကတီပါဖိနပ်ကို ဖွေးဖွေးဥဥခြေထောက်ကလေးတွင်ဆင်ထားပြန်သည်။ရွာလမ်းကဖုန်တွေသဲတွေရှိတာမို့အနီရောင်ကတီပါဖိနပ်ကလေးတွင်ဖုန်မှုန့်နှင့်သဲမှုန့်များအနည်းငယ်ကပ်ပါနေသည်။"ပြုံး ကျုပ်ပြောတာရောကြားရဲ့လား"
မကြေးမုံထပ်ခေါ်မှကျုပ်သတိဝင်လာသည်။ငေးနေမိတာများရှက်စရာကောင်းလှပါသည်။
"ကြားပါတယ်မကြေးမုံရယ်။ ဟုတ်တယ် ကျုပ်ပျင်းနေလို့ "
ကျမအဖြေကိုကြားတော့ မကြေးမုံ ဟက်ဟက် ပက်ပက်ရယ်သည်။
"ပြုံးတို့များရောက်တာတစ်ရက်မပြည့်သေးဘူး။ရွာကအပြောတွေပါပြောနေပြီ"
"ဟားဟားဟား ဖြစ်နိုင်ရင်ဒီရွာသူတောင်လုပ်ချင်နေပြီဗျို့"
"အိမ်ထဲကအိမ်ပြင်မထွက်ရသေးလို့သာပဲနော်။ ရွာထဲလှည့်ပတ်သာပြလိုက်လို့ကတော့ ပြုံးတို့ အိမ်ကိုတောင်မေ့နိုင်လောက်တယ်"
"ပြောတတ်လိုက်တာမကြေးမုံရယ်"
"အော် အစောဒါနဲ့မိတ်ဆက်ပေးရအုန်းမယ် ဒါကမြို့ကအလည်လာတဲ့ အဘရဲ့တူမ ပြုံးဘာဆိုလား ပြုံးနာမည်လေးပြန်ပြောပါအုန်း"