စိတ်ညစ်ခြင်းရဲ့ အဆုံးသတ်ကတော့ စိတ်ကုန်သွားခြင်းပဲဖြစ်ပါတယ်။
လူတစ်ယောက်ဟာ အရာအားလုံးကို စိတ်ကုန်သွားပြီဆိုရင် အသက်ရှင်ချင်စိတ်လည်း ကုန်ခမ်းသွားတတ်ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်မ အသည်းကွဲတယ်လို့ခံစားရတယ်။
နှစ်ရက်ကြာတော့ ကျွန်မတို့ငယ်ငယ်ကအရမ်းရင်းနှီးတဲ့ အမရဲ့အမျိုးသားဆုံးသွားတဲ့သတင်းကရောက်လာတယ်။ဘာလို့ဆုံးတာလဲဆိုတော့ ပါးစပ်ကနေတဆင့် သေနတ်နဲ့ ကိုယ်တိုင်ပစ်ပြီးသေဆုံးတာတဲ့။
အမကပြောလာတယ်။သူ့ယောကျာ်းကို ဝဋ်ကြွေးအထုံပါသွားမှာ သူစိတ်မကောင်းဘူးတဲ့လေ။
ကျန်ခဲ့တဲ့ အမက လသားအရွယ်သမီးလေးကိုမွေးထားတာ လပိုင်းပဲရှိသေးတာရယ်။ သမီးအကြီးဆိုလည်း အခုမှ သူငယ်တန်းတက်နေတုန်း။ သတ်သေသွားတဲ့ အကိုက သူ့မိန်းမကလေးမွေးတုန်းကတောင် ခွင့်ရက်ယူပြီး ပြန်လာသေးတယ်။ ကလေးအနှီးတွေပါ လျှော််ပေး ခဲ့တယ်ဆိုတဲ့ အမရဲ့စကားကို အခုထိနားထဲကမထွက်သေးဘူး။
အသက်ကလည်း အခုမှ ၄၀ကျော်ရုံပဲရှိသေးတယ်။ မိန်းမရယ် သမီးနှစ်ယောက်ရယ်ကို ထားခဲ့ဖို့ အကို့အနေနဲ့ ဘာတွေကို ဘယ်လောက်တောင် မွန်းကြပ်နေမလဲဆိုတာ တွေးကြည့်တယ်။ ရူးလောက်အောင် ဝမ်းနည်းခဲ့တယ်။
အမကို ပြန်ပြောဖြစ်တယ်။
"အကို့လောက် စိတ်နှလုံးမွန်မြတ်တဲ့သူက တစ်သိန်းမှာတစ်ယောက်ရှားပါတယ်။ လူများရဲ့အသက်ထက် သူ့အသက်ကို ရွေးချယ်သွားတာဟာ တော်ရုံစိတ်နှလုံးနဲ့ စွန့်လွှတ်ခြင်းမျိုး မဟုတ်ပါဘူး။" လို့ ပြောတော့ အမကငိုတယ်။"အကို့ဘဝမှာ မိသားစုနဲ့ အတူရှိရတဲ့ အချိန်က အရမ်းနည်းပါတယ်။" ဆိုပြီး ငိုချတော့ ကျွန်မတွေးမိတယ်။ ကျွန်မတို့တွေ ပျော်သင့်ရဲ့လားပေါ့။ စိတ်ညစ်တယ် စိတ်ဆင်းရဲတယ်ဆိုတာ ကျွန်မတို့လို့အနေအထားနဲ့ ပြောသင့်ရဲ့လားပေါ့။
ဒီအချိန် ကျွန်မတို့ထက် ပိုပြီး ဆိုးဝါးတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရသူတွေ၊ ဘက်ပေါင်းစုံက ကြပ်တည်းပြီး ခက်ခဲနေတဲ့ သူတွေအတွက်တော့ စိတ်ညစ်ခြင်းရဲ့အဆုံးသတ်ဆိုတဲ့ နေရာကို ရွေးချယ်ဖို့အလွှာပါးပါးလေးပဲ ကျန်တော့တယ်လို့ ထင်မြင်လာတယ်။ ဒါတွေကို ကျွန်မတို့ကိုယ်တိုင် မကြုံတွေ့သေးပဲ ညီးညူထုတ်ဖော်ခြင်းက ရှက်စရာတစ်ခုလို မြင်ယောင်လာတယ်။
ဒီကာလမှာ ကြံ့ခိုင်စွာ နေထိုင်၊ဆုံးဖြတ်ခြင်းက အနီးစပ်ဆုံး ကျွန်မတို့တတ်နိုင်တာ တစ်ခုလိုဖြစ်လာခဲ့တယ်။