"မမ..ဒီနေ့လာမှာလား"
"အင်း..လာမယ်.."
"အဲ့ဒါဆိုရင်လေ ဆိုင်က ပေါင်မုန့်လေးယူခဲ့ပါဦးနော်...ညညဆို ဗိုက်ဆာသလိုလို အီလည်လည်ဖြစ်တတ်လို့.."
"အင်းအင်းယူခဲ့မယ်..ဒါနဲ့ နင့်အကောင်မရှိတာ သေချာတယ်နော်..."
"တကယ်ပါ..ယိုယိုမရှိပါဘူး မမရဲ့"
"အင်းပြီးရော..ငါလာရင် ဖုန်းဆက်လိုက်မယ်..."
"ဟုတ်ကဲ့ပါရှင့်..."
"တော်တော်လိမ္မာနေတယ်..ငါ့စကားသာနားမထောင်တာနော်..."
"ဟီး...ပေါင်မုန့်လေးမမေ့နဲ့နော် မမ..ဖုန်းချလိုက်တော့မယ်..တာ့တာ"
"အင်းအင်း.."
ညီမလေးအရမ်းကြိုက်တဲ့ ပေါင်မုန့်လုံးလေးတွေကို မုန့်ဖုတ်စက်ထဲ ထည့်ရင်း အတွေးလွန်နေမိခြင်းဖြစ်သည်။ ကိုယ်ဝန်ကြောင့် အစားအသောက်ပျက်နေချိန်မျိုးဆို ဒီအစ်မလုပ်ပေးတဲ့ နို့ပေါင်မုန့်လုံးလေး စားလိုက်ရမှ နေလို့ထိုက်လို့ ကောင်းသွားတာ ဆိုတဲ့ ကောင်မလေး အခုတော့ ငြိမ်းချမ်းနေရောပေါ့။
(NaNa ပေါင်မုန့်ဆိုင်လေး မှတ်မိကြတယ်ဟုတ်?)
ဘေးနားမှာရှိတဲ့ ဗီဒိုဟောင်းကြီးထဲက အံဆွဲလေးတစ်ခု။ မဖွင့်တာကြာပြီ ဖြစ်ပေမယ့် ဒီနေ့အရမ်းကို ဖွင့်ချင်စိတ်ပြင်းပြနေမိတယ်။
အံဆွဲသေးသေးလေးက်ို ဆွဲဖွင့်လိုက်ပြီး ထွက်လာတဲ့ မှိုနံ့အနည်းငယ်ကို လက်ယပ်ထုတ်လိုက်သည်။ ညီမလေးက သူ့ဘဝနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဘယ်သူ့ကိုမှ မပြောပြတတ်ဘူး။ သူ့အစ်မအရင်းဆိုရင်တောင် မပြောပြတတ်တဲ့ ကလေးမလေး။
အဲ့ဒါပဲကြည့်လေ သူ့ရဲ့ချစ်သူနဲ့ အတူနေတာတောင် သူပြောမှ သိရတာမျိုး။ ကိုယ်ဝန်အကြောင်းလဲ ထိုနည်းလည်းကောင်းပါပဲ။
အံဆွဲထဲထည့်ထားတဲ့ ညီမလေးဆီက ရရှိခဲ့တဲ့ တစ်ခုတည်းသောဓာတ်ပုံလေး။ ညီမလေးဘိုရာနဲ့ သူ့ချစ်သူ ယိုဂျက်တို့နှစ်ယောက် အတူရိုက်ထားတဲ့ ဓာတ်ပုံလေး။ ညီမလေးကတော့ ဗိုက်ဖုံးဂါဝန်လေးနဲ့ပေါ့။
"မမ..အဲ့ဒါယိုယိုလေ.."