အပိုင်း - ၁၈

5.7K 190 0
                                    

" ကလင်း ကလင်း "

စက်ဘီးဘဲလ်သံကခြံဝန်းလေးတစ်ခုရဲ့အရှေ့မှာတသောသောညံလို့နေ၏။ဘဲလ်ကိုအဆက်မပြတ်တီးခတ်ရင်းတခိုကခြံဝန်းထဲကိုလှမ်းကာချောင်းကြည့်လိုက်သည်။

" သဲညှာ ဟေ့ သဲညှာ "

" ကလင်း ကလင်း "

" ဟဲ့ ဘယ်လိုဖြစ်လို့ခြံရှေ့ကနေအော်ကြီးဟစ်ကျယ်နဲ့လှမ်းအော်နေရတာတုန်း အိမ်ထဲဝင်မလာပဲနဲ့ "

သဲညှာကအိမ်ထဲကနေထွက်လာရင်းတခို့ကိုမကျေမနပ်ဆိုလိုက်သည်။တခိုရဲ့စက်ဘီးဘဲလ်သံတညံညံကဘုရားရှိခိုးနေတဲ့သူ့ကိုမရိုးမရွဖြစ်စေသည်။နောက်ဆုံးမှာတော့ဘုရားကိုပုဆိန်ပေါက်သလိုရှိခိုးပြီးအပြေးထွက်လာရတော့သည်။တံခါးမရှိ၊ဓားမရှိအမြဲတမ်းဝင်ထွက်၊သွားလာနေကျကိုဒီနေ့မှဒင်းကထူးထူးဆန်းဆန်းတွေလုပ်နေ၏။

" ငါကနင်ရှိလား၊မရှိလားအရင်လှမ်းကြည့်တာဟ "

" ရှိတာပေါ့ဟဲ့ မရှိစရာလား ငါကဘယ်သွားမှာမို့လို့လဲ "

သဲညှာ‌ရဲ့စကားကြောင့်တခိုမှာရယ်ကျဲကျဲဖြစ်သွားရလေတော့သည်။သဲညှာကသူ့ကိုအရည်ပျော်ကျမတတ်မျက်စောင်းတွေတဝင့်ဝင့်ထိုးရင်းစကားတွေဘုကန့်လန့်ဆိုနေပေမယ့်သူ့မှာသဲညှာကိုစိတ်မဆိုးနိုင်ပေ...။ထိုအစားသဲညှာရဲ့ပုံစံကိုကြည့်ပြီးသူ့မှာပါးစပ်စိလို့မရတော့ပေ...။

'နဂိုဓာတ်ခံပျော်ရွှင်မှုကြောင့်ပဲလား၊သဲညှာရဲ့ပုံစံကပဲရယ်စရာကောင်းလွန်းနေလား'တော့မပြောတတ်ပေ...။သေချာတာတစ်ခုကတော့တချိန်လုံးအကြောင်းအရင်းမယ်မယ်ရရမရှိပဲသူ့အမူအရာကပုရွက်ဆိတ်တက်သလိုရွှင်မြူးနေခြင်းပင်...။

ဒါကိုသူလည်းသိသလို၊သဲညှာကလည်းသိဟန်...။

ပျားရည်အိုးလောင်းချခံထားရသလိုရွှင်မြူးနေတဲ့တခို့ရဲ့ပုံစံကြောင့်ခြံတံခါးဖွင့်နေရင်းနဲ့သဲညှာကနှာခေါင်းကိုမသိမသာလေးတွန့်လိုက်သည်။ဒီနေ့ ဒင်း အတော့်ကိုထူးဆန်းလွန်းနေသည်။ခြံရှေ့ကိုရောက်နေတာတောင်မှမဝင်လာပဲမလုပ်ဖူးတာတွေလုပ်နေသေး၏။

" လာ ဝင်လာ "

" အေ အေ လာပြီ လာပြီ "

တခိုကစက်ဘီးကိုအလျင်အမြန်ဒေါက်ထောက်လိုက်၏။ပြီးနောက်ခြံထဲကိုခုန်ဆွခုန်ဆွနဲ့ဝင်သွားလိုက်သည်။အူမြူးနေတဲ့တခို့ကိုကြည့်ပြီးသဲညှာရဲ့စိတ်အစုံကဇဝေ‌ဇဝါဖြစ်လို့နေရ၏။

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Where stories live. Discover now