အပိုင်း (၃)

19.2K 1.5K 26
                                    

သပ်သပ်ရပ်ရပ်စီထားတဲ့ အဖြူရောင်ဖန်ပုလင်းအလွတ်တွေကို ငေးကြည့်ရင်း တည်မိုးအေးချမ်းစိတ်ထဲတောက်တခတ်ခတ်။ ပုလင်းအဖြူပေါ်မှာ ကပ်ထားတဲ့စတေကာစာသားတွေကလဲ သူ့ကိုလှောင်ပြောင်နေသလို။

/ချိုချိုအေးအေး ဖရဲသီးဖျော်ရည်ကို
သောက်ပြီး ငါ့အချစ်တွေကိုခံစားမိပေးနော် တည်မိုးအေးချမ်း/

/ဆေးကျောင်းသားလေး စာတွေလုပ်ပြီးခေါင်းပူလာရင် ဒီဖရဲသီးဖျော်ရည်သောက်နော်/

/ဖရဲသီးဖျော်ရည်သောက်ပြီး မင်းပြုံးလိုက်တဲ့အခါ မင်းအပြုံးက
ဖရဲသီးဖျော်ရည်ထက် ပိုချိုတယ်ဆိုတာသိရဲ့လား တည်မိုးအေးချမ်း/

စတဲ့အမျိုးအစားစုံလှတဲ့ အီစီကလီစာတွေကိုပုလင်းပေါ်မှာ စတေကာအနေနဲ့ကပ်ထားပြီး သူ့ဆီကိုအပတ်တိုင်းရောက်လာတဲ့ ဖျော်ရည်ပုလင်းတွေ။

တစ်ပတ်မှာ ၂ရက်၊ anatomy နဲ့ biochemistry practical ချိန်တွေမှာရောက်လာတဲ့ ဖရဲသီးဖျော်ရည်တွေ။ ရေငွေ့တွေကပ်နေတဲ့ အေးစက်စက်ပုလင်းထဲက နီရဲရဲဖျော်ရည်တွေဟာ တည်မိုးအေးချမ်းရဲ့နွေရာသီမှာ အေးချမ်းချိုမြိန်တဲ့အရာတွေ ဖြစ်ခဲ့တာ။

တကယ်တော့ ဒီဖျော်ရည်တွေက တည်မိုးအေးချမ်းအတွက် အဓိပ္ပာယ်အများကြီး
ရှိခဲ့တယ်။ သူ့ကိုဖျော်ရည်ပုလင်းတွေ ပေးတဲ့သူကဘယ်လိုလူစားမျိုးလဲ...ဒီလိုမျိုး ပူလောင်အိုက်စပ်လွန်းတဲ့ နွေရာသီမှာအေးမြစေချင်တဲ့ စေတနာနဲ့အခုလိုအသေးစိတ်ထိ တွေးပေးတတ်တဲ့သူက ဘယ်လိုစိတ်ထားများရှိလိမ့်မလဲ။
ဘာလို့ တစ်ခါလေးတောင်သူ့ရှေ့ ရုပ်လုံးထွက်မပြခဲ့ရတာလဲ စတဲ့မေးခွန်းပေါင်းများစွာ သူ့ရင်ထဲမှာရှိခဲ့တယ်။

မျှော်လင့်ခဲ့မိတယ်...ပြီးတော့ ဖရဲသီးဖျော်ရည်အေးအေးလေး သောက်တိုင်းသူပျော်ရွှင်ခဲ့တယ်။ စာတွေကြောင့် တစ်ခါတလေရင်ခုန်ခဲ့သေးတယ်။

သူအကြိုက်ဆုံးအသီးနဲ့ဖျော်ရည်ကို သိအောင်လုပ်ပြီးတော့ သူ့စိတ်ကိုအနိုင်ယူနေတာ ဘယ်လိုလူမျိုးလဲလို့ သိချင်စိတ်ပြင်းပြခဲ့တာ...

ညီသာဝင်းထိန်တဲ့လား

ဒီသကောင့်သားနာမည်တွေးမိရင် ပိုပြီးတော့ဒေါသထွက်ရတယ်။ မြတ်သူတစ်ယောက် တည်မိုးအေးချမ်းကို ဖျော်ရည်ပိုင်ရှင်သိရပြီလို့ ပြောတုန်းက သူဘယ်လောက်ရင်ခုန်သွားခဲ့သလဲ။ တစ်ဖက်ကျောင်းက ညီသာဝင်းထိန်လို့ပြောတုန်းကတောင် မယုံကြည်နိုင်တွေ ဖြစ်ခဲ့သေးတာ။

Watermelon Juice Where stories live. Discover now