"ညီသာဝင်းထိန် ငါမင်းတို့ဆိုင်ရှေ့မှာ"
ညီသာသည် ဖုန်းထဲကထိုစကားသံကြောင့် ဝရန်တာဆီထွက်လာကာ အောက်ကိုငုံ့ကြည့်လိုက်တယ်။ ချောမောခံ့ညားသောကောင်လေးတစ်ယောက်က ဖုန်းကိုင်ထားရင်းသူ့ကိုလက်ဝှေ့ရမ်းပြနေတယ်။
ညီသာသည် အိမ်အောက်ထပ်ကိုဝုန်းဒိုင်းပြေးဆင်းတော့တယ်။
"ဘာလို့ ကျားလိုက်သလိုပြေးလာတာလဲ"
"အပြင်မှာသူငယ်ချင်းရောက်နေလို့အမေ"
ညီသာရဲ့အသံမဆုံးသေးပေမဲ့ လူကဝှစ်ခနဲအိမ်အပြင်ရောက်သွားပြီးပြီ။
ဖရိုဖရဲနဲ့ အမြန်ပြေးထွက်လာပြီးတော့မှ သူကအိမ်နေရင်းပုံစံနဲ့ထွက်လာမိတယ်ဆိုတာ သတိရတာ။ စွပ်ကျယ်ရယ်ဘောင်းဘီတိုရယ်၊ ကိုယ့်ပုံစံကိုယ်သတိထားမိပြီး အိမ်ထဲတစ်ဖန်ပြန်ဝင်ဖို့လုပ်ရတယ်။
တည်မိုးရှေ့ရောက်လာပြီးမှ လှစ်ခနဲပြန်ပြေးဝင်သွားတဲ့ ညီသာဝင်းထိန်။
ညီသာသည် အိပ်ခန်းထဲမှာ သူအသင့်ကောက်စွပ်လို့ရမဲ့အင်္ကျီကို အမြန်ရှာလိုက်တယ်။ ထို့နောက်ဆံပင်ကိုပါ တစ်ချက်နှစ်ချက်ဖြီးလိုက်သေးတယ်။သူက တည်မိုးအေးချမ်းကိုလဲ မစောင့်စေချင်ဘူးလေ။
ဒုတိယအကြိမ် တဒုန်းဒုန်းနဲ့ပြေးဆင်းလာပြန်တော့ အမေကထပ်ဆူတယ်။
"နင်ဘာဖြစ်နေတာလဲ"
"အင်္ကျီပြန်လဲတာပါဗျာ"
"ဘီယာတွေအများကြီးသောက်မလာနဲ့နော်"
"ဒါကဘီယာသောက်မဲ့သူမဟုတ်ဘူး"
အင်္ကျီလဲပြီးတည်မိုးရှေ့ကိုရောက်လာတဲ့ ညီသာဝင်းထိန်။ ဟီးခနဲရယ်ပြလာပုံက အပြစ်ကင်းစင်လွန်းတယ်။
"ဘာလို့ရောက်လာတာလဲ"
"မင်းကိုတောင်းပန်မလို့"
"ဟမ်"
"ငါ့သူငယ်ချင်းတွေအစား တောင်းပန်ပါတယ် မင်းစိတ်မကောင်းမဖြစ်နဲ့တော့"
တည်မိုးအေးချမ်းက သူ့ကိုလာတောင်းပန်တာတဲ့လား။ သူကဖြင့်စိတ်ထဲမရှိတော့တာကြာပြီ။