သောကြာနေ့ဆိုတာ အတန်းလစ်လို့ကောင်းတဲ့ရက်ဖြစ်တယ်။ ဘာသာရပ်တစ်ခုတည်း မနက်ပိုင်းနှစ်ချိန်စာဆက်တိုက်သင်ပြီး နေ့လယ်စာစားချိန်ထက်တစ်နာရီစောဆင်းပေးလိုက်တာမျိုး ရှိတတ်တယ်။ များသောအားဖြင့် Roll callကိုလဲ ပထမတစ်ချိန်စာသင်ရင်း နာရီဝက်လောက်မှာ နှစ်ချိန်စာအတွက်ပေါင်းပေးတတ်တယ်။ အဲတာကြောင့် နာရီဝက်လောက်အတန်းတက်ပြီး Roll call နှစ်ချိန်စာလက်ဗွေနှိပ်ကာ ပြီးမှအနောက်ပေါက်ကနေ ခိုးလစ်လို့ရတယ်။ ဒီလိုမျိုး အခွင့်အရေးကောင်းတွေက မကြာခဏလဲမရတတ်ပေ။
ဒီလိုနေ့မျိုးမှာ သရဲကားကပထမဆုံးရက် ရုံတင်မယ်။ ရေကန်အသင့် ကြာအသင့် မပျက်စရာဘာအကြောင်းမှမရှိ။
တည်မိုးအေးချမ်းက နှင်းရည်လွင်နဲ့မြတ်သူကို ကားပါကင်ကနေစောင့်တယ်။ တည်မိုးနဲ့သူငယ်ချင်းတွေ စိတ်တူကိုယ်တူရှိတတ်တာ သရဲကားကြည့်တဲ့တစ်ချိန်ပဲရှိတယ်။ သူတို့တွေအတန်းလစ်ပြီး ရုပ်ရှင်ရုံသွားဖို့ စီစဥ်ထားကြတယ်။
မဟုတ်ရင်တော့ တည်မိုးအေးချမ်းက ဘယ်ခေါ်ခေါ်မလိုက်။ တစ်ယောက်တည်း စာကျက်လိုက်၊စာဖတ်လိုက်၊ ဂိမ်းဆော့လိုက်လုပ်ကာ ဘာသိဘာသာနေတတ်တဲ့သူ။ သူ့ကိုယ်သူခံယူထားတာ introvert, မြတ်သူနဲ့နှင်းရည်လွင်နဲ့ပေါင်းပြီး သမုတ်တာက လူရာမဝင်တဲ့သူ။
"မင်းတို့ကဘာလို့ကြာနေတာလဲ"
ကားထဲဝင်ထိုင်လာတဲ့ မြတ်သူနဲ့ နှင်းရည်လွင်ကို မေးလိုက်တယ်။ သူကစောင့်ရတာတွေ စိတ်မရှည်။
တည်မိုးအေးချမ်းက ဘယ်သူ့အတွက်မှ စိတ်ရှည်တာမဟုတ်ဘူး။တစ်စုံတစ်ယောက်ကို စောင့်ရတာသူအမုန်းဆုံး။ ပွင့်လင်းစွာပြောရရင် တစ်ယောက်ယောက်ကြောင့် သူ့အချိန်တွေဖြုန်းပစ်ရတာကို မကြိုက်တာ။
"ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်လှေချက်လုပ်နေတဲ့သူကြောင့်လေ"
"ငါသိပ်မကြာပါဘူး"
"နင်နားနေခန်းထဲကနေ တော်တော်နဲ့ထွက်မလာတာ"
"မျက်ခုံးမွှေးပြန်ဆွဲနေရလို့ဟဲ့"
"လက်မှတ်က ကြိုပြီးဘိုကင်တင်ထားတယ်မလား"