အပိုင်း (၈)

16.8K 1.4K 19
                                    

"ရော့ ဒီမှာနင့်ဖို့"

တည်မိုးအေးချမ်းရှေ့ကိုရောက်လာတဲ့ အအေးပုလင်း၊ ရေငွေ့များတစက်စက်ကျနေတဲ့ ပုလင်းရဲ့အရောင်ကရဲသွေးခြယ်အနီရောင်။ အမြဲတမ်းမြင်ဖူးနေကျ ဖျော်ရည်ပုလင်းကို မြင်ရတော့ သူ့မျက်နှာကစိတ်မသက်မသာဖြစ်စရာ တစ်ခုကိုတွေ့တဲ့အလား ရှုံ့မဲ့သွားတယ်။

နှင်းရည်လွင်က ဖျော်ရည်ပုလင်းကို ထပ်ပေးကာ

"ယူလေ" ဟု တိုက်တွန်းပြန်တယ်။

"မသောက်ချင်ဘူး"

"စေတနာနဲ့ဝယ်လာတာကို မသောက်ချင်လဲနေ"

နှင်းရည်လွင်က ပွစိပွစိရေရွတ်ပြီး တစ်ဖက်ကမိန်းကလေးတွေထိုင်တဲ့ဘက်ခြမ်းကို ကူးသွားတယ်။ တည်မိုးအေးချမ်းက သူဖတ်နေတဲ့စာအုပ်ကိုပဲ ထပ်ပြီးဖတ်နေတယ်။

နှင်းရည်လွင်ထိုင်တဲ့နေရာက တည်မိုးအေးချမ်းနဲ့ တစ်တန်းတည်းမို့ တည်မိုးအေးချမ်းရဲ့ဘေးတိုက်မျက်နှာကို မြင်နေရတယ်။ ဆံပင်ညှပ်ဆိုင်ကရှယ်သပေးလိုက်တဲ့ ဆံပင်ကေကတည်မိုးအေးချမ်းရဲ့ မျက်နှာချွန်ချွန်နဲ့လွန်စွာလိုက်ဖက်နေတယ်။ ကုပ်ထောက်ဆံပင်များက လည်ပင်းအနောက်မှာကပ်တင်နေပုံက မဟာဆန်ဆန်ချောမောမှုကို ဖြစ်ပေါ်စေတယ်။ ပြေပြစ်နေတဲ့နဖူးပြင်ရယ်...

အမြင်ကတ်စရာကောင်းလိုက်တဲ့ အကောင်

မတရားသဖြင့်ချောလွန်းနေတာတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ အကျင့်စရိုက်ကတကယ်အချိုးမပြေဘူး။ တစ်ဖက်သားရဲ့အတွေး၊အမြင်နဲ့ သဘောထားကိုနည်းနည်းလေးမှ ဂရုမစိုက်တတ်ဘူး။

နှင်းရည်လွင်သည် မျက်စောင်းထိုးလိုက်ပြီး  ဝယ်လာတဲ့ဖျော်ရည်ကို ကိုယ့်ဘာသာပဲသောက်လိုက်တယ်။

ဒင်းပဲ ဒီဖရဲသီးဖျော်ရည်တွေကို ငမ်းငမ်းတက်ဖြစ်နေခဲ့တာမလား။ ထပ်ပြီးရောက်မလာတော့တာနဲ့ practical ခန်းတွေမှာ လဒမှိုင် မှိုင်နေပြီးတော့။

စေတနာသည်လူတိုင်းနဲ့မတန် ဆိုတဲ့စကားက တည်မိုးအေးချမ်းလိုလူမျိုးကြောင့် ပေါ်လာတဲ့စကားပဲဖြစ်မယ်။ သူငယ်ချင်း အချင်းချင်းအသုံးချခံရလို့ သူ့ဘက်ကနာလို့လဲ ရန်ဖြစ်ပေးရသေးတယ်၊ နှင်းရည်လွင်ကိုပဲ လှိမ့်ဟောက်တယ်။

Watermelon Juice Where stories live. Discover now