219 7 0
                                    

ထိုအစ်ကိုကြီးသည် သူ့ကိုတွေ့သည်နှင့် ခေါင်းညိတ်၍ ဖော်ရွေစွာ ရယ်ပြ၏။ ထိုလှိုက်လှဲသည့် အပြုံးကိုမြင်လျက် ကောင်းကောင်း ပါးစပ်က ပြောမထွက်တော့။

ထိုအပြုံးမျိုးကို သူသိတယ်။ မိန်းကလေးတစ်ယောက်ကို ပါးပါးလေးနဲ့ဆွဲဆောင်ချင်တဲ့ အပြုံး။ ကောင်းကောင်းလည်း အရင်က အခါတစ်ရာလောက် ပြုံးဖူးပါတယ်လေ။ ဒီလောက်တော့ သိတာပေါ့။ သို့ပေသိ ဒီလို အပြုံးပြခံရသည့် ဘဝမျိုးကို ရောက်လိမ့်မယ်လို့ မထင်ထားခဲ့တာတော့ အမှန်ပါလေ။

"ဟိုလေ ဟိုလေ ဟို...ဟိုဟာလေ"
ကောင်းကောင်းအသံကို အတတ်နိုင်ဆုံးတိုးတိုးလေးပြောနေရပါသည်။ ယောက်ျားသံသည် တစ်ချိန်တည်း၌ ပြောင်းလဲပစ်၍မရပါချေ။

ထို့အပြင် တိုတက်နေသည့် စကပ်ကိုလည်း သူ့လက်ဖြင့်ဆွဲဆွဲချနေရသေးသည်။ ကောင်းကောင်း၏ ဆံပင်အတုတပ်ထားသော မျောက်ထီးတစ်ကောင်ကဲ့သို့ ကို့ရို့ကားယားပုံစံကို အမွှာနှစ်ယောက်သည် အဝေးမှလှမ်းကြည့်ကာ တဟားဟားဖြင့်ရယ်နေတော့၏။

ရယ်ထားကြဦးပေါ့ကွ။ ငါနိုင်တဲ့ ‌တစ်နေ့ကျရင် မင်းတို့ကို တုံးလုံးချွတ်ပြီး ဦးပိန်တံပါးပေါ် ပတ်ပြေးခိုင်းပစ်ဦးမယ်။ မှတ်ထားကြစမ်း။ ငါ့ရဲ့ နာကျည်းမှုတွေကို အောင်မြင်မှုအဖြစ် ပြောင်းလဲပြီးတဲ့တစ်နေ့ မင်းတို့နဲ့ငါ တွေ့ကြသေးတာပေါ့ ဟားဟားဟား။

ဆိုင်ရှင်အစ်ကိုကြီးသည် ‌မျက်မှောင်များ ကြုတ်ကာ ဒေါသပုန်ထနေသည့် ကောင်းကောင်း၏ မျက်နှာလေးအား စုန်ဆန်ကြည့်လိုက်ရင်း မျက်ခုံးပင့်လိုက်၏။ ထို့နောက် ချောင်းတစ်ချက်ဟန့်လိုက်ကာ မေးသည်။

"ဘာလိုချင်တာလဲ ညီမ"
ဆိုင်ရှင်အစ်ကိုကြီး၏ လေသံမှာ အနိမ့်အမြင့်အ‌တက်အကျမရှိ။ တစ်တန်းတည်းပင်။ ထို့ကြောင့် ကောင်းကောင်း ထိုအစ်ကိုကြီးအား သိပ်အမြင်မကြည်ချင်တော့ပေ။ ဒီလောက်လှတဲ့ကောင်မလေးအား မြင်နေရတာကို တည်ငြိမ်‌နေနိုင်တာဟာ မဖြစ်သင့်တဲ့ကိစ္စပင်။

ကောင်းကောင်း လိပ်တက်နေသည့် စကပ်ကိုဖြန့်ကိုင်ထားရင်း မျက်လွှာချကာ ရှက်ရွံ့နေသည့်ပုံစံဖြင့် မပြောရဲသလို တွန့်ဆုတ်ဆုတ်ပြောလိုက်၏။

Pad ဖူးစာWhere stories live. Discover now