101 9 0
                                    

အစ်ကိုသူရနိုင်နှင့်မတွေ့ဖြစ်တာ သုံးလလောက်ကြာခဲ့ပြီ။ သူ့ဘက်က ဆက်သွယ်သော်ငြား ကောင်းကောင်းဘက်က စဉ်းစားဦးမည်ဆိုပြီးအကြောင်းပြကာ စပြီးမဆက်သွယ်ဖို့နဲ့ ဆက်သွယ်လာတာကိုပဲ စောင့်နေဖို့ပြောထားခဲ့ခြင်းပင်။

မတွေ့ရတာကြာပြီဖြစ်သောကြောင့် စိတ်ထဲတွင် တစ်ခုခုလိုအပ်နေသလို ခံစားနေရသည်။ သူနဲ့တွေ့တဲ့အချိန်တွေကပဲ ခေါင်းထဲပြန်ပြန်ပေါ်လာတော့သည်။

တစ်ခါက ဘုန်းကြီးကျောင်းတစ်ကျောင်းကို လိုက်ခဲ့ပါလားခေါ်လို့ သူ့ဆိုင်ကယ်နောက်က‌ ထိုင်လိုက်သွားမိသေးသည်။ ပုံမှန်အတိုင်း အင်္ကျီအပွနဲ့ ဂျင်းဘောင်းဘီအရှည်ကို ပေါ့ပေါ့ပါးပါးဝတ်သွားလိုက်တာပါပဲ။

ဟိုရောက်တော့မှ အဲ့ဒီအစ်ကိုက ကိုရင်လေးတွေကို အင်္ဂလိပ်စာထသင်ပါရော။ ကောင်းကောင်းကတော့ နောက်မှာ ထိုင်စောင့်ပြီး သူသင်တာတွေကို လိုက်ကြည့်ရတော့တာပေါ့။ ‌

ဘုန်းကြီးကျောင်းက အကောင်းစားကြီးထဲတွင်မပါသော်ငြား သန့်သန့်ရှင်းရှင်းနှင့် စာသင်ဖို့အတွက် သေချာ
အဆောင်တစ်ဆောင် ဆောက်ပေးထားပုံရသည်။ ကိုရင်လေးတွေက ကြမ်းပြင်ပေါ်မှာ ထိုင်ချပြီး ခုံတန်းရှည်အသေးလေးပေါ်မှာ စာအုပ်ကိုတင်ရေးကြရ၏။ English Grammar In Use Elementary စာအုပ်အနီကို သင်ပေးနေခြင်းဖြစ်သည်။

အစ်ကိုသူရနိုင်က ဒီလိုလည်း ရတာပဲလားဟု တွေးတော့တွေးမိသွား၏။ အစကတည်းက တည်တည်ငြိမ်ငြိမ်ဆိုတာသိခဲ့ပေမဲ့ စာသင်မယ်လို့တော့ လုံးဝမထင်ထားခဲ့ဘူး။

သဒ္ဒါသင်နေတာဆိုပေမဲ့လည်း လက်တွေ့မှာ ဘယ်လိုသုံးပုံသုံးနည်းနဲ့ သုံးလို့ရမလဲဆိုတာကိုပါ တစ်ခါတည်း တွဲသင်ပေးသွားတာပဲ။ စာတွေသိနေပြီးသား ကောင်းကောင်းတောင် စိတ်ဝင်စားနိုင်လောက်တဲ့ သင်နည်းပုံစံနဲ့သင်နေလိုက်တာ။ သူသာသင်ရင်တော့ ကောင်းကောင်းတောင် ၆ဘာသာဂုဏ်ထူးထွက်နိုင်လောက်တယ်။

၄၅မိနစ်လောက်ကြာပြီးတဲ့နောက် ကိုရင်လေးတွေက အင်္ဂလိပ်လို See you next week လို့နှုတ်ဆက်စကားပြောပြီး တစ်ပါးချင်းစီထွက်သွားကြတယ်။ ကိုရင်တွေမရှိတော့တဲ့နောက် ကောင်းကောင်းထိုင်နေတဲ့ အနားကိုလာထိုင်သည်။

Pad ဖူးစာWhere stories live. Discover now